DVB Logo
Home
မြန်မာသတင်း
သမ္မတညွှန်ကြားအပြီး ပဲခူးတိုင်းတွင် လုံခြုံရေးတိုးမြှင့်၊ တည်ငြိမ်စပြု
DVB
·
March 29, 2013
Donate to DVB

မတ် ၂၈ ရက်ညနေ့မှာ သမ္မတက တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့က ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ညွှန်ကြားအပြီးမှာ ပဲခူးတိုင်းဒေသကြီးအတွင်း အခင်းဖြစ်တဲ့နေရာတွေမှာ လုံခြုံရေးအင်အားတွေ တိုးမြှင့်တင်းကျပ်လိုက်တာကြောင့် အကြမ်းဖက်မှုတွေ အဆုံးသတ်ခဲ့ပါတယ်။

မနေ့ နေ့ခင်းပိုင်းအထိ အကြမ်းဖက်ဖျက်ဆီးမှုတွေဖြစ်နေတဲ့ ပဲခူးတိုင်း မင်းလှမြို့ဟာ တည်ငြိမ်အေးချမ်းစပြုပြီလို့ နယ်မြေခံဆရာဝန်တဦးက ပြောပါတယ်။

ဒေါက်တာ ဒေါ်လှလှမိုးက “ဒီနေ့ လုံခြုံရေးအင်အား နည်းနည်းပါပဲ။ မနေ့က ပုဒ်မ ၁၄၄ ထုတ်ကတည်းက မလုပ်ကြတော့ပါဘူး။ တနေ့နဲ့ မနေ့ကပေါ့။ နေ့လယ်လောက်မှာ အဆိုးဆုံးပဲ။ ပထမနေ့ ညနေပိုင်းက ည ၇ နာရီကနေ့ မနက် ၅ နာရီထိ ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ မနေ့တုန်းက ၁၂ နာရီခွဲလောက်ရောက်တော့ ပုဒ်မ ၁၄၄ မှာ ပစ်မိန့်ပါ ပါလာတယ်။ အဲဒီတော့မှပဲ အေးသွားပါတယ်။ ဒီမှာက မီးရှို့လူသတ်တာမလုပ်ဘူး။ အိမ်တွေထဲဝင်တယ်။ ပစ္စည်းတွေဖျက်ဆီးတယ်။ ပိုက်ဆံရှိတဲ့လူတွေကလည်း သူတို့ကားတွေနဲ့ ထွက်ပြေးကြပြီ။ ဖျက်ဆီးတဲ့လူတွေကလည်း ပစ္စည်းယူတာ မရှိပါဘူး” လို့ ပြောပါတယ်။

မနေ့ နေ့ခင်းပိုင်းက အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မိုးညိုမြို့အခြေအနေဟာ ဒီနေ့မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားလို့ ငြိမ်သက်သွားပေမယ့် တထိတ်ထိတ်ဖြစ်နေဆဲပဲလို့ မိုးညိုဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့အခြေအနေက မြို့ပေါ်မှာ လုံခြုံရေးအပြည့်အ၀ချထားတယ်။ စစ်တပ်ကလည်း စစ်ကားနဲ့ မြို့ကိုလှည့်ပြီးတော့ သွားလာနေတယ်။ ရဲအင်အားလုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားတာကို တွေ့ရတယ်။ ၁၀ နာရီလောက်ကဆိုရင် ရဲက မြို့က ဈေးကြီးကို ပိတ်ခိုင်းတယ်။ ဒီနေ့ခင်းနဲ့ ဒီညမှာ ဆူပူမှုဖြစ်နိုင်တယ်ဆိုပြီး ကောလာဟလ ဖြန့်နေတယ်။ ပြည်သူလူထုကလည်း လမ်းပေါ်သိပ်မထွက်တော့ဘူး။ အသွားအလာကျဲနေတယ်” လို့ ပြောပါတယ်။

မွတ်စလင်မိသားစုတွေဟာ ကိုယ့်အိမ်မှာ ကိုယ်ပြန်မနေရဲသေးဘဲ ရှောင်တိမ်းနေကြတုန်း ပဲရှိသေးပြီး ပစ္စည်းတွေ၊ ပဲတွေနဲ့ စပါးတွေ အိမ်ရှေ့တွေမှာ ပြန့်ကျဲနေပြီး လာရောက် သိမ်းဆည်းခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ပံတန်းမြို့မှာတော့ အကြမ်းဖက်ဖျက်ဆီးမှုမရှိဘူးလို့ မြို့ခံရှေ့နေတဦးက ပြောပါတယ်။

“လက်ပံတန်းအခြေအနေကတော့ ဘာမှာ ထိခိုက်ပျက်စီးမှု မရှိပါဘူး။ ကျနော်တို့မြို့ကလည်း လုံခြုံရေးယူပေးပါတယ်။ ဒီနေ့ဆိုရင် ခရိုင်ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးအင်အား တိုးမြှင့်ချထားပါတယ်။ ကျနော်တို့လည်းပဲ ဒီမှာ အန်အယ်လ်ဒီအနေနဲ့လည်းပဲ အပျက်အစီးတွေ မဖြစ်အောင် ၀ိုင်းဝန်းပြီးတော့ ကူညီပြီးတော့ တတ်နိုင်သရွေ့ စောင့်ရှောက် ထိန်းသိမ်းပေးပါတယ်။ အခြေအနေကတော့ ဒီနေ့အထိတော့ ကောင်းပါတယ။၊ မွတ်စလင်တွေကတော့ ကျနော်တို့နဲ့ ဘာပြဿနာမှ မရှိဘူးဗျာ။ ဘာမှဖြစ်စရာလည်း အကြောင်းမရှိဘူး။ ဒေသခံ မြန်မာလူမျိုးတွေနဲ့လည်း ဘာပြဿနာမှ မရှိဘူး။ တခြားနေရာက ၀င်လာမှာပဲ စိုးရိမ်ရတာပါ” လို့ ပြောပါတယ်။

အကြမ်းဖက်မှုမဖြစ်ပွားဘဲ ထိန်းသိမ်းနိုင်ခဲ့တဲ့ ပေါင်းတည်မြို့အခြေအနေကို နယ်မြေခံလူငယ် ကွန်ရက်အဖွဲ့ဝင်တဦးက ခုလို ပြောပါတယ်။

“ကျနော်တို့ ပေါင်းတည်က တကယ်ထူးခြားပါတယ်။ ကျနော်တို့ အာဏာပိုင်တွေနဲ့ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖတွေ အားလုံးနဲ့ ကျနော်တို့ဖွဲ့ထားတဲ့ ဘာသာပေါင်းစုံလူငယ်ကွန်ရက်နဲ့ အဲဒီအားလုံးကို ပူးပေါင်း ဆောင်ရွက်တဲ့အတွက် ကျနော်တို့မြို့နယ်မှာ လုံးဝ အေးချမ်းပါတယ်။ ကျနော်တို့ လူငယ်တွေ အားလုံးကလည်း အာဏာပိုင်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ထားပါတယ်။ အာဏာပိုင်အဖွဲ့အစည်းကိုလည်း ကျနော်တို့ အားကိုးတယ်။ အာဏာပိုင်အဖွဲ့အစည်းကလည်း ကျနော်တို့ကို အားကိုးပါတယ်။ ခု တင်းတင်းကျပ်ကျပ် လုပ်နေပါတယ်၊ ၁၀ ဦးဖမ်းထားတယ် ခင်ဗျ။ အဲဒီ ၁၀ ရဲ့ ကွင်းဆက်တွေကို လိုက်နေပါတယ်” လို့ ပြောပါတယ်။

မနေ့က အနည်းငယ် အပျက်အစီးရှိတဲ့ ပုတီးကုန်းမှာတော့ ဒီနေ့ အခြေအနေ ငြိမ်သက်နေတယ်လို့ နယ်မြေခံတဦးက ပြောပါတယ်။

သာယာဝတီမြို့မှာတော့ ရဲနဲ့ စစ်တပ်က မနက်ပိုင်းက လုံခြုံရေးလှည့်တာတွေ့တယ်လို့ ပြောပါတယ်။
ဇီးကုန်းမြို့မှာတော့ မနေ့ နေ့လယ်ပိုင်းက မြို့ပေါ်က ဗလီကို ဖျက်ဖို့ လူထပ်မံစုရုံးပေမယ့် အထမမြောက်သလို ဒီနေ့မှာတော့ အခြေအနေ ငြိမ်သက်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013