
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၁၄ နဲ့ ထိုင်း-မြန်မာနယ်စပ် အမှတ်(၁)တံတား တာချီလိတ်မြို့မှာ ထိတွေ့ခဲ့သူ ၅ ဦးကို မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တဲစုရွာနဲ့ အင်ယင်းရွာတို့မှာ စောင့်ကြည့်နေပြီး အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တဲစုကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးမိုးက "တဲစုရွာက ၄ ဦး စာရင်းထွက်ပါတယ်။ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးပါ။ အဲဒီအမှတ်စဉ် ၁၄ နဲ့ ဆုံခဲ့မှန်းတောင် သူတို့က မသိကြဘူး။ သူတို့က မတ်လ ၂၆ ရက်ညနေ ၆နာရီထဲက တဲစုရွာကို ပြန်ရောက်နေတယ်။ စာရင်းထွက်လာမှ စဉ်းစား မိကြတာ ထိုင်းကပြန်လာတော့ အမှတ်(၁)တံတားတာချီလိတ်မှာ အတူတူဖြတ်မိတယ်လို့ ပြန်စဉ်းစားမိတာတဲ့၊ အခုတော့ တဲစုအထက်တန်းကျောင်းခွဲမှာ သီးသန့်ခွဲပြီး စောင့်ကြည့်ထား ပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ တဲစုရွာစာသင်ကျောင်းမှာ ပြည်ပကပြန်လာသူ ဒီနေ့ ရောက်တဲ့ ၅ ဦးရောဆို ၁၀၁ ဦးရှိနေပါတယ်။ စားသောက်ရေး စတဲ့ အစစအရာရာ ကျနော်တို့ကပဲ တာဝန်ယူပြီး အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်" လို့ ပြောပါတယ်။
မြို့နယ် ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအဖွဲ့ ပြန်ကြားရေးမှူး ဦးတင်ဆင့်က "ဝမ်းတွင်းမြို့နယ်က ၅ ဦး လို့ စာရင်းထွက်လာတယ်။ လိုက်စုံစမ်းတော့ တဲစုက ၄ ဦး အင်းယင်းရွာက အမျိုးသမီး ၁ ဦး ပေါင်း ၅ ဦးပါ။ ချောင်းဆိုးတာလည်း မရှိဘူး။ အဖျားလည်း မရှိဘူးလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီက သိရတယ်" လို့ ပြောပါတယ်။
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၁၄ ဟာထိုင်းနိုင်ငံကနေ ပြန်လာတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသား တဦးဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရပါတယ်။
မိတ္ထီလာခရိုင်ထဲမှာ မတ်လ ၃၁ ရက်အထိ ပြည်ပက ပြန်လာသူပေါင်း ၃၅၀၀ ကျော်ရှိနေပြီး သူတို့အတွက် ကျေးရွာတိုင်းက စာသင်ကျောင်း သို့မဟုတ် ဘုန်းတော်ကြီးကျောင်းတွေမှာ Quarantine စောင့်ကြည့် နေရာအဖြစ် စီစဉ်ထားပါတယ်။
မလှိုင်မြို့နယ်မှာတော့ ၁၁၅၃ ဦး၊ ဝမ်းတွင်းမြို့နယ်က ၁၀၄၈ ဦး၊ မိတ္ထီလာက ၉၆၉ ဦး၊ သာစည်မြို့နယ်က ၄၂၀ ဦးရှိပါတယ်။
သတင်း-မောင်မောင်လင်း











