Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ်က အိမ်ရာတခုတွင် အသွားအလာကန့်သတ်ပိတ်ပင်
ပိုင်စိုး
·
April 1, 2020
91618639_591006205092550_2810434665003876352_n
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အိမ်ရာတခုမှာ အပြင်လူနဲ့ ကားတွေ ဝင်ခွင့်မပြုတော့ဘဲ Mini Lockdown အသွားအလာကန့်သတ်ပိတ်ပင် လိုက်တယ်လို့ အိမ်ရာကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ မြို့ပြအိမ်ရာ(တောင်) အိမ်ရာဝင်းထဲကို ဒီနေ့ကစလို့ တလလုံးအပြင်လူ ဝင်ခွင့်မပြုတော့ဖြစ်ပါတယ်။ အိမ်ရာကော်မတီ ဥက္ကဋ္ဌ ဦးမင်းလွင်က “ကိုယ့်အိမ်ရာကိုပဲ လုပ်တာဆိုတော့ Mini lockdown လို့ သုံးလိုက်တာ။ တချို့က quarantine (ကန့်သတ်ထိန်းချုပ်) တာနဲ့ မှားနေမှာစိုးလို့။ အိမ်ရာထဲက လူတွေ အပြင်ထွက်နိုင်ပေမယ့် အပြင်က သူစိမ်း၊ ဧည့်သည်၊ ဆွေမျိုးနဲ့ အိမ်ရာထဲမှာ နေပေမယ့် အဝေးက ပြန်လာတဲ့သူတွေကို ဝင်ခွင့်မပေးပါဘူး။ အပြင်က ကားတွေကိုလည်း ဝင်ခွင့်မပေးပါဘူး။ Delivery နဲ့ အစားအသောက်မှာတယ်ဆိုရင်လည်း ဂိတ်တံခါးမှာ သွားယူရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒါဟာ ရောဂါပိုးတွေ့တာ ရှိတာကြောင့် မဟုတ်ဘဲ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာဖြစ်ပြီး ပတ်ဝန်းကျင်က အိမ်ရာတချို့လည်း လုပ်ဖို့ရှိနေတယ်လို့သိရပါတယ်။ ဒီအိမ်ရာထဲမှာ တိုက်ခန်း ၉၁ ခန်း၊ လူဦးရေ ၅၀၀ ဝန်းကျင်ရှိပြီး အခုလို သတ်မှတ်လိုက်တာကို အိမ်ရာဝင်းထဲနေသူအားလုံးဆီ စာပို့ပေးထားတယ်လို့လည်း ဦးမင်းလွင်က ပြောပါတယ်။ “တတ်နိုင်သလောက် Lockdown လုပ်ကြဖို့ ရပ်ကွက်အစည်းအဝေးက တဆင့်ညွှန်ကြား လာတာပါ။ အဓိက ကတော့ ညွှန်ကြားချက်ကြောင့် ဆိုတာထက် တာဝန်ယူတာက ပိုပါတယ်။ အိမ်ရာမှာနေသူတွေကိုလည်း ပိုပြီး လိုက်နာစေဖို့အတွက် ညွှန်ကြားချက်ဆိုပြီး စာထုတ်လိုက်တာပါ” လို့ ပြောပါတယ်။ ထုတ်ပြန်လိုက်တဲ့စာမှာ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာနဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာမျိုးတွေ့ရင် အကြောင်းကြားနိုင်ဖို့ အိမ်ရာ တာဝန်ခံတွေ ဖုန်းနံပါတ်ကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024