DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ကရင်အမျိုးသားများ အနာဂတ်အရေးဆွေးနွေး
DVB
·
March 29, 2013
ဘားအံတွင် ကရင်အမျိုးသားများ အနာဂတ်အရေးဆွေးနွေး
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီနေ့မနက် စတင်တဲ့ ကရင်ရေးရာ အစည်းအဝေးကြီးမှာ စည်းလုံးညီညွတ်ရေး၊ စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ကရင်အမျိုးသားတွေရဲ့ အနာဂတ်အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေး ဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့ဝင် သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက ပြောပါတယ်။

ဒီအစည်းအဝေးကို ကေအန်ယူနဲ့ ဒီကေဘီအေအပါအ၀င် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ကရင်နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးနဲ့နွယ်တဲ့ အဖွဲ့အစည်းတွေ လူမှုရေး အဖွဲ့အစည်းတွေ၊ ကရင် လွှတ်တော်အမတ်များ၊ ကရင်ပြည်နယ်အစိုးရ၀န်ကြီးနဲ့ အစိုးရပိုင်းဆိုင်ရာ အစုအဖွဲ့တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_37965" align="alignright" width="300" caption="ပဒိုမန်းငြိမ်းမောင်"][/caption]

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ၀ိုင်းဝန်းတည်ဆောက်ကြဖို့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“အင်အားစုအသီးသီး၊ ပုဂ္ဂိုလ်အသီးသီးကွဲပြားနေတာတွေကို ကျနော်တို့အနေနဲ့ တမျိုးသားလုံးရဲ့ မျက်နှာကို၊ ဂုဏ်သိက္ခာကို ထောက်ထားပြီးတော့ ကျနော်တို့ ဆန္ဒစွဲတွေ၊ ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ မာန်မာနတွေကို ခ၀ါချပြီး စုံစုံလင်လင်တွေ့ဆုံပြီး တမျိုးသားလုံး စည်းလုံးညီညွတ်မှုတည်ဆောက်ဖို့ တိုက်တွန်းပါတယ်။ အခြားသော ခေါင်းဆောင်များနဲ့ ပုဂ္ဂိုလ်များ ပြောသွားသလို ငြိမ်းချမ်းရေးကို ဒီလိုညီညွတ်မှုနဲ့ပဲ တည်ဆောက်နိုင်မယ်။ ”

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက  ဒီပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်အနေနဲ့ကတော့ အခုပြောင်းလဲလာတဲ့အခြေအနေမှာ ရှေ့မှာ ရှမ်းပြည်မှာ စုဝေးလုပ်တဲ့ ညီလာခံလိုဟာမျိုးကိုလည်း အစိုးရက အားပေးတယ်။ ကရင်တွေလုပ်နေတဲ့ ကရင်ရေးရာညီလာခံကိုလည်း ကရင်ပြည်နယ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး ညှိနှိုင်းဆွေးနွေးတာကို အားပေးတယ်။ အားပေးတဲ့အပေါ်ကတော့ စနစ်တခုပြောင်းလဲချိန်မှာ ပေါ်လာတယ်။ ဒါကို နှစ်ဖက်လုံးကစိတ်ရှည်သည်းခံပြီး ဆောင်ရွက်နိုင်ရင် အားလုံးလိုချင်တာ ပိုမြန်မှာပေါ့။”

အစည်းအဝေးကို ဘားအံမြို့နယ် ဇွဲကပင်ခန်းမမှာ မတ် ၂၉ နဲ့ ၃၀ ရက်နေ့ ၂ ရက်တိုင်တိုင် ကျင်းပမှာလည်း ဖြစ်ပါတယ်။

မွန်တိုင်းရင်းသားတွေကလည်း မွန်လူထုလူတန်းစားအလွှာတွေ ပါဝင်တဲ့ ကျယ်ပြန့်တဲ့ဆွေးနွေးပွဲတွေကို မနှစ်က ကျင်းပခဲ့သလို ရှမ်းတိုင်းရင်းသားတွေကလည်း ဆွေးနွေးခဲ့ပြီး ဘုံရပ်တည်ချက်သဘေားထားတွေ ရရှိဖို့ ကြိုးပမ်းနေပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ရှမ်းပြည်နယ် လားရှိုးမှာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားတွေ ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013