မုံရွာ-ခန္တီး အမြန်ယာဉ်လိုင်းများ စတင်ပိတ်
DVB
·
April 1, 2020

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ခန္တီး ခရီးသည်အမြန်ယာဉ်တွေ ဧပြီ ၁ ရက်က စတင်ပိတ်ထားလိုက်ပြီလို့ အမြန်ယာဉ်ဂိတ်တာဝန်ခံက ပြောပါတယ်။
COVID-19 ရောဂါကာကွယ်ဖို့ အမြန်ယာဉ်တွေအနေနဲ့ ခရီးသည်တွေကို တဦးနဲ့တဦး ၃ ပေအကွာတင်ပြီး ပြေးဆွဲဖို့နဲ့ ယာဉ်စီးခတိုးမကောက်ဖို့ သက်ဆိုင်ရာကညွှန်ကြားထားပေမယ့် စည်းကမ်းမလိုက်နာလို့ အစည်းအဝေးလုပ်ပြီး ဂိတ်ပိတ်လိုက်တာလို့ ရွှေနဒီ အမြန်ယာဉ်ဂိတ်တာဝန်ခံ ကိုမျိုးက ပြောပါတယ်။
“အခုကျနော်တို့ အမြန်ယာဉ်တွေပိတ်တယ်ဆိုတာ COVID-19 ရောဂါကြောင့် ပိတ်လိုက်တာပါ။ အခု အမြန်ယာဉ်တွေ ကျနော်တို့ ဂိတ်တာဝန်ခံတွေက အစည်းဝေးလုပ်ပြီး ပိတ်ဖို့လုပ်လိုက်တာပါ။ ဒီရောဂါက လူစုလူဝေး မလုပ်ရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်တာတွေရှိတယ်။ အမြန်ယာဉ်ပိုင်ရှင်တွေက လိုက်နာဆောင်ရွက်တာတွေ မရှိဘူး။ ကျနော်တို့က သတ်မှတ်ထားတဲ့ခရီးသည် လူဦးရေ တင်ခိုင်းလည်း လိုက်နာမှုမရှိဘူး။ အမြန်ယာဉ်တစ်စီးမှာ လူ ၉၀ လောက်နိုင်ရင် သူတို့က ၉၀ မကဘူးတင်တယ်။ ဒါကြောင့် စိုးရိမ်ရလို့ ပိတ်လိုက်တာ”လို့ ပြောပါတယ်။
အခုလိုပိတ်ဖို့အစိုးရ ညွန်ကြားတွေမရှိပါဘဲ စိုးရိမ်လို့ ပိတ်လိုက်တာဖြစ်ကြောင်း ဒါပေမဲ့ ကြားပေါက်ဆွဲမယ့် အမြန်ယာဉ်တွေ ရှိပါပြီး အစိုးရကလိုအပ်လို့ ဆွဲခိုင်းရင်ဆွဲမယ်လို့လည်း ရွှေနဒီ ဂိတ်တာဝန်ခံ ကိုမျိုးက ပြောပါတယ်။
အခုလို အမြန်ယာဉ်တွေပိတ်တဲ့ အခြေခံလူတန်းစားအတွက် ဒုက္ခရောက်နိုင်ပြီး ကုန်စျေးနှုန်းတွေ ပိုပြီးမြင့်လာနိုင်တယ်လို့ခရီးသည်တဦးဖြစ်တဲ့ မစောလှခိုင်က ပြောပါတယ်။
“ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းက လူတွေအကုန်လုံး ဒုက္ခရောက်နိုင်တယ်။ ဒီမြို့တွေက ရေကြောင်းကိုအသုံးပြုသွားရတာ”
လူစီးအမြန်ယာဉ်တွေ တနေ့ကို ၃ စီးထွက်ခဲ့ပြီး မုံရွာ-မင်းကင်း၊ မုံရွာ-ဟုမ္မလင်း၊ မုံရွာ-ခန္တီး တို့ကို ပြေးဆွဲနေတယ်လို့ သိရပါတယ်။ မော်တော်ယာဉ်စီးခ အဖြစ် မုံရွာ-ဟုမ္မလင်း ကျပ် ၁၅၀၀၀၊ မုံရွာ-ခန္တီး ကျပ် ၂၃၀၀၀ နှုန်းတွေဘဲ ကောက်ခံတယ်လို့လည်း အမြန်ယာဉ်လိုင်းတွေက ပြောပါတယ်။
ဒီကနေ့ကစတင်ပြီး မုံရွာ-မင်းကင်း၊ မုံရွာ-ဟုမ္မလင်း ခရီးသည်တင်ယာဉ်တွေ အကုန်ပိတ်ပြီး ဧပြီလ ၁၁ ရက်နေ့ထိ ပိတ်ထားမှာ ဖြစ်ကြောင်း သိရပါတယ်။
သတင်း- အောင်ဆန်းမြင့်