DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း သီတဂူဆရာတော် မိန့်ကြား
DVB
·
March 29, 2013
အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း သီတဂူဆရာတော် မိန့်ကြား
Donate to DVB

ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကြောင်း သီတဂူဆရာတော်က မိန့်ကြားလိုက်ပါတယ်။

မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအ၀င် ပဲခူးတိုင်း မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ သာယာဝတီ၊ လက်ပံတန်းနဲ့ မိုးညိုမြို့တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။

ဆရာတော်ကြီးက“မည်သည့်အကြောင်းကြောင့် အကြမ်းဖက်သည်ဖြစ်စေ တို့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ ဘယ်လူမျိုးက ဘယ်လူမျိုးကိုပဲ အကြမ်းဖက်ဖက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်” လို့ မိန့်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာပြီး အေးအေးချမ်းချမ်းနဲ့ လူမျိုးတိုင်းကို စောင့်ရှောက်ကြဖို့လည်း ဆရာတော်ကြီးက မိန့်ပါတယ်။

“အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓရဲ့ တရားတော်၊ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပြီး လူမျိုးတိုင်းကို အေးအေးချမ်းချမ်းနဲ့ စောင့်ရှောက်ဖို့ကောင်းတယ်။ နိုင်ငံရဲ့ အေးချမ်းသာယာမှုကို လုပ်သင့်တယ်။ အထူးသဖြင့် ၈၅ ရာခိုင်နှုန်းရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေက ၀ိုင်းဝန်းကူညီစောင့်ရှောက်ဖို့ ကောင်းပါတယ်။ လူတယောက်သည် လူတယောက်ကို နှိပ်စက်ညှဉ်းပမ်းပိုင်ခွင့် မရှိဘူး။ စောင့်ရှောက်ကူညီနိုင်ခွင့်ပဲ ရှိတယ်။ လူ့အခွင့်အရေးဆိုတာ အဲဒါက အထွတ်အထိတ်ပါပဲ။ အထူးသဖြင့် သံဃာတော်အရှင်မြတ်တွေက မြတ်စွာဘုရားရဲ့ တရားတော်အတိုင်း လူသားတိုင်းရဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက်တော်မူကြပါ။”

လက်ရှိထွက်ပေါ်နေတဲ့ အကြမ်းဖက်လှုံ့ဆော်မှု ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီးလည်း ဆရာတော်ကြီးက အခုလို မိန့်ပါတယ်။

“ကောလာဟလတွေကို လက်တွေ့ကျကျ ကိုယ်တိုင်သိအောင်၊ ကိုယ်တိုင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျော်ဖြတ်ရမှာပါ။ ကိုယ်တိုင်သိ၊ ကိုယ်တိုင်တွေ့မဟုတ်သေးရင် ကောလာဟလလို့ စွပ်စွဲလို့ မရဘူး။ ကိုယ်တိုင်သိ၊ ကိုယ်တိုင်တွေ့ပြန်တော့လည်း ဥပမာအားဖြင့် မစင်ပုံကြီးကိုတွေ့တယ်ဆိုရင် အဲဒါကို ထိုးဆွပြီးတော့ မစင်ပုံတွေ့ပြီဟေ့လို့ အော်နေရင် တနိုင်ငံလုံး နံနေမယ်။ မစင်ပုံကြီးကိုတွေ့ရင် ခပ်မြန်မြန်ဖုံးပြီးတော့ ကျုံးပစ်ရမယ်။ အခုက မစင်ပုံတွေ ခပ်များများ တွေ့နေပုံ ပေါ်တယ်။ မြန်မြန်ကျုံးပြီး၊ မြန်မြန်ဖုံးကြဖို့ တိုက်တွန်းချင်တယ်။”

သမ္မတ ဦးသိန်းစိန်ကလည်း ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကို လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်ရင် မြို့ပြအင်အားသုံးပြီး တားဆီးနှိမ်နင်းသွားမယ်လို့ မနေ့က နိုင်ငံပိုင်မီဒီယာတွေကနေ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013