DVB Logo
Home
မေးမြန်းခန်း
မင်းလှအစ္စလာမ်ဘာသာဝင်များကို သံဃာတော်များက ဆွေမျိုးများထံ ကူညီပို့ဆောင်
DVB
·
March 29, 2013
Donate to DVB

နိုင်ငံတော်သမ္မတဦးသိန်းစိန်က လတ်တလောအရေးအခင်းတွေကို အင်အားသုံး နှိမ်နင်းမယ်လို့ မိန့်ခွန်းမကြေညာခင်မှာ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်မှာ အကြမ်းဖက်အဖျက်သမားတွေက အစ္စလာမ်ဘာသာရေးအဆောက်အဦတွေ၊ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးနေပါတယ်။

အဲဒီအချိန်မှာ မင်းလှမြို့နယ်တွင်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ အစ္စလာမ်ဘာသာဝင် ၇၀ ကျော်ကို ရွှေဝါရောင်ကွန်ရက်က ဦးပြည်ကျော် (ခေါ်) ဦးပဏ္ဍ၀ံသ အပါအ၀င် သံဃာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက သွားရောက်ခေါ်ယူပြီး ရန်ကုန်မြို့က မိသားစုဆွေမျိုးတွေထံ ပို့ဆောင်ခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးပြည်ကျော် (ခေါ်) ဦးပဏ္ဍ၀ံသကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဘုန်းဘုန်းတို့ ဒီကနေ့ မင်းလှကို သွားမယ်လို့ ကြားနေလို့။

“မင်းလှက ညက သွားလို့ပြန်လာခဲ့ပြီလေ”

မင်းလှမှာ ဘာတွေလုပ်ခဲ့လဲ့ဘုရား။

“မင်းလှမှာ ဒုက္ခရောက်နေသူတွေကို ရန်ကုန်က သူတို့ အမျိုးတွေက ခေါ်ပေးပါဆိုလို့ သူတို့ မောင်နှမ အရင်းတို့၊ တချို့ကလည်း သားသမီးတွေပေါ့။ အင်းပုပ်ဆိုတဲ့ရွာမှာ ၃၈ ယောက်၊ သဲကျော်ကလည်း ၃၇ ယောက် ရန်ကုန်ကို ခေါ်လာပြီးတော့ သူတို့ မိသားစုတွေဆီကို ပို့ပေးလိုက်ပြီ။”

မနေ့က ဘယ်အချိန်သွားလဲ။ မင်းလှမှာ မနေ့က ထုရိုက်ဖျက်ဆီးနေတယ်လေ။

“ဟုတ်ပါတယ်။ ဦးဇင်းတို့ သွားတဲ့အခါကျတော့ စနစ်တကျတော့ ၀င်ရတာပေါ့လေ။ ရန်ကုန်ကနေ ၂ နာရီလောက်ထွက်ပြီးတော့ အဲဒီကို ၅ နာရီလောက် ရောက်သွားတယ်။ ဒီကနေ့ လူတင်ဖို့ express ကား ၂ စီးပါ တခါတည်းယူသွားတယ်လေ။ အဲဒီအာဏာပိုင်က အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နဲ့ ညှိလိုက်တယ်လေ။ ညှိလိုက်တော့ သူတို့ကလည်း ၀ိုင်းဝန်းပြီးတော့ ဘယ်နေရာမှာ ဒုက္ခသည် ဘယ်နှစ်ယောက်ရှိတယ်ဆိုတော့၊ ဒုက္ခသည်တွေအားလုံးကို ရွာတွေမှာရှိနေတဲ့ ကျေးရွာလူကြီးတွေကနေပြီးတော့မှ ဘာမှမလုပ်ကြနဲ့ဆိုပြီးတော့မှ စောင့်ရှောက်ပေးထားတာကိုး။ အဲတော့ သူတို့ရဲ့ တောင်းဆိုချက်တွေလည်း ပါပါတယ်။ ရေရှည်ကျတော့လည်း စားရေးသောက်ရေးနဲ့ ဒီလူအုပ်ကြီးကို မထိန်းနိုင်ဘူးပေါ့နော်။ အဲဒါနဲ့ ဦးဇင်းတို့က ရန်ကုန်မြို့တွေမှာ သူတို့အမျိုးတွေက ဆက်သွယ်ကြတယ်ပေါ့။ ရွှေဝါရောင်သံဃာတော်များကွန်ရက်ဆီကို ဆက်လာတယ်။ တပည့်တော်တို့အမျိုးတွေကို ခေါ်ပေးပါ ဘာညာနဲ့ ပြောတော့ ဦးဇင်းတို့က ဒါဆိုရင်တော့ အစီအစဉ်ဆွဲပြီးတော့ မနေ့က ၅ နာရီက ၀င်တယ်။ ကြိုတင်ပြီးတော့လည်း အကြောင်းကြားထားတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းတွေကလည်း ၀ိုင်းဝန်းကူညီကြတယ်။ ဦးဇင်းတို့ အဲဒီမှာပဲ စာရင်းတွေဘာတွေရေးပြီးတော့ မိသားစုစာရင်းတွေရေးပြီးတော့ သူတို့လည်း ၀ိုင်းပြီးတော့ တင်ပေးလိုက်တယ်။ နောက် ဒီဘက်ကို လမ်းမပေါ်အရောက်ပေါ့နော်။ အတွင်းထဲကို ၅ နာရီလောက်ဝင်ရတာကိုး။ အဲဒီက လုံခြုံရေးတွေက လိုက်ပြီးတော့ ပို့ပေးပါတယ်။ ရန်ကုန်ကိုတော့ ည ၁၁ နာရီခွဲလောက် ရောက်ပါတယ်။ ၁၁ နာရီခွဲလောက်ရောက်ပြီးတဲ့အခါကျတော့ ဦးဇင်းတို့ ဒါကိုလည်း စဉ်းစားရတာပေါ့။ အကုန်လုံးက အစ္စလာမ်တွေချည်း ဖြစ်နေတယ်လေ။ မသမာတဲ့လူတွေရဲ့ ပါးစပ်ဖျားလည်း မရောက်အောင် ဦးဇင်းတို့က တချို့ဟာ ကြိုပြီးမပြောတာလည်း ပါတာပေါ့။ ကိုယ်သယ်တာက မင်းလှက သယ်တာ။ သူတို့က တော်ကြာ မောင်တောက သယ်တယ် လုပ်နေဦးမှာလေ။ နောက်ပြီးတော့ ရန်ကုန်မှာ စောင့်ရှောက်ရေးဆိုပြီး ဂေဟာတွေ ဘာတွေဖွင့်ဖို့ကလည်း မဖြစ်ဘူး။ ရန်ကုန်မှာလည်း ငြိမ်သက်တာမဟုတ်ဘူးဆိုတော့။ အဲတော့ မသွားခင်ကတည်းက သူတို့မိသားစုတွေကို သူတို့တာဝန်ယူပါ့မယ်လို့ ကတိပေးလို့ အဲဒါဦးဇင်းတို့က သူတို့အမျိုးတွေရဲ့ လက်ထဲကို ထည့်ပေးလိုက်တာပေါ့နော်။ အခုဆိုရင် သူတို့အိမ်တွေကို ရောက်သွားကုန်ကြပါပြီ။ ရန်ကုန်မြို့မှာ အစုအပြုံလိုက်ရှိမနေတော့ဘူး။”

ဘုန်းဘုန်းနဲ့ ဘယ်နှပါးလောက်သွားလဲဘုရား။

“ဦးဇင်းတို့ ရွှေဝါရောင်ကဆိုရင် ငွေကြာယံက သံဃာတော်တွေရယ်၊ သင်္ဃန်းကျွန်း ရွှေသိမ်ဓမ္မသိင်္ဂီက အားလုံး ၂၅ ပါးနဲ့ ကြွသွားပါတယ်။”

ခရီးစဉ်က ရှောရှောရှူရှူပဲမဟုတ်လားဘုရား။

“ဟုတ်ပါတယ်။”

မနေ့က ဘုန်းဘုန်းတို့သွားမယ်ဆိုတာသိလို့ လှမ်းမေးတော့ ဦးပဉ္စင်းတပါးက ဒီနေ့မှသွားမယ်လို့ လှီးလွှဲဖြေဆိုတယ်။ ခရီးစဉ်အနှောင့်အယှက်ဖြစ်မှာစိုးလို့နဲ့တူတယ်။

“ဟုတ်တယ်။ လမ်းကြောင်းတလျှောက်မှာ မမြင်ရဘူးဗျ။ သူတို့က အုပ်စုလိုက်တွေဖြစ်နေတာ။ ရွာတွေက ကြောက်နေကြတာ။ ဗမာရွာတွေကလည်း ကြောက်နေကြတာ။ လူဦးရေက ပထမ ၅၀ လောက်နဲ့ နောက်လည်းကျရော ၄၀၀ လောက် ဖြစ်နေတယ်။ လိုက်ဖျက်နေတဲ့အုပ်စုက။ အဲဒီတော့ ဦးဇင်းတို့က ဒီဒုက္ခသည်တွေကို သယ်လာတဲ့ဟာကို လမ်းကနေ ဖြတ်တိုက်မှာလည်း စိုးရိမ်ရတယ်ဆိုတော့ ဒါကို နည်းနည်း ထိပ်တန်းလျှို့ဝှက် လုပ်လိုက်ရတာပေါ့နော်။”

တခြားအဖွဲ့တွေရော ပါသေးလားဘုရား။

“ကားတွေမှာလည်း ဦးဇင်းတို့ လိုဂို (အမှတ်တံဆိပ်) ကပ်ပါတယ်။ ရွှေဝါရောင်သံဃာတော်များကွန်ရက်။ နောက်တခါ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အဖွဲ့။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ရယ် ၃ ဖွဲ့ပေါ့။”

ပဲခူးတိုင်း မင်းလှမြို့နယ်မှာ မတ် ၂၈ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်လူတစုက လိုက်ထရပ်ကားတစီးနဲ့ လူနေအိမ်တွေအပါအ၀င် ဈေးဆိုင်အချို့ကို ဖျက်ဆီးခဲ့ကြတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ဖောက်ပြီး လူစုခွဲခဲ့တယ်လို့ မတ် ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013