DVB Logo
Home
Lead Story
အာဆီယံရဲ့ မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာ ဂျပန်ရဲ့ 'ကန့်လန့်ကာနောက်ကွယ်က သံတမန်ရေး' ဘာကြောင့် လိုအပ်သလဲ
DVB
·
October 21, 2026
Design: DVB
Design: DVB
Donate to DVB

ဂျပန်နိုင်ငံဟာ အရှေ့တောင်အာရှမှာ စေ့စပ်ဖျန်ဖြေရေး ရှေ့ဆောင်အဖြစ် ရပ်တည်လာတာ ကြာပါပြီ။ ဥပမာ- ၁၉၉၀ ပြည့်နှစ်မှာ ကမ္ဘောဒီးယားက လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးပွဲဖြစ်လာအောင် ဂျပန်အရာရှိတွေက ကူညီပေးခဲ့ပါတယ်။ ဒါဟာ ကမ္ဘောဒီးယား ပဋိပက္ခ အဆုံးသတ်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ 

အခုအခါမှာတော့ ဂျပန်ဟာ သူ့ရဲ့ သံတမန်ရေးရာ နည်းဗျူဟာတွေကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ မတ်လမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး စေ့စပ်ဖျန်ဖြေရေး ယူနစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ မေလမှာတော့ လွှတ်တော်တွင်း ငြိမ်းချမ်းရေး စေ့စပ်ဖျန်ဖြေရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအချိန်လောက်မှာပဲ ဂျပန်နိုင်ငံအခြေစိုက် ဆာဆာကာဝါ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းကလည်း စေ့စပ်ဖျန်ဖြေရေး အထောက်အကူပြု ဗဟိုဌာနတခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဌာနဟာ ဂျပန်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်ဖို့ နောက်ထပ် လမ်းကြောင်းတခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ဒီအခြေအနေတွေဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီးကတည်းက ဂျပန်ဟာ မြန်မာ့အရေးမှာ တိတ်တဆိတ် ပါဝင်နေခဲ့လို့ပါပဲ။ အဆက်အသွယ်ကောင်းတဲ့ ဂျပန်လူမှုရေးလုပ်ငန်းရှင် ယိုဟေး ဆာဆာကာဝါကတော့ ဒါကို ဂျပန်ရဲ့ “ကန့်လန့်ကာ နောက်ကွယ်က သံတမန်ရေး ” လို့ ခေါ်ဆိုပါတယ်။ ဇွန်လက ကျင်းပခဲ့တဲ့ အော်စလိုဖိုရမ်ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ဂျပန်ပါဝင်ခဲ့ပါတယ်။ ဩဂုတ်လမှာ ဆာဆာကာဝါ ကိုယ်တိုင် နေပြည်တော်ကို သွားရောက်ခဲ့ပြီး၊ နောက်တလအကြာမှာ ဂျပန်လွှတ်တော်အမတ် ၂ ယောက် လည်း ထပ်မံသွားရောက်ခဲ့ပါတယ်။

ဂျပန်ဟာ နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲတွေလုပ်ဖို့နဲ့ ငြိမ်းချမ်းရေး ဖျန်ဖြေပေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေကို အနောက်နိုင်ငံတွေက ရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ကတော့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး မြှင့်တင်ဖို့အတွက် ပုဂ္ဂလိက အဖွဲ့အစည်းတွေကတဆင့် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ အရပ်သားအစိုးရက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဆာဆာကာဝါဟာ စစ်တပ်နဲ့ AA ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလွတ်သဘော အပစ်အခတ်ရပ်စဲရေး ရရှိအောင် စေ့စပ်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း သူဟာ ဆက်လက် ဖျန်ဖြေပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ နောက်ထပ် အလွတ်သဘော အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စွာ ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အဲဒီ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေးဟာ တနှစ်လောက်ပဲ ခံခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ်မှာ AA က ထိုးစစ်သစ်တွေ ပြန်စခဲ့ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေး မှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းရောက်တော့ AA ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေကို စတင်သိမ်းပိုက်လာခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်ဘက်က နယ်မြေအများအပြား ဆုံးရှုံးခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားတာဟာ မြန်မာစစ်တပ်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ကြားဝင်ဖျန်ဖြေမှုတွေအပေါ် သူတို့ရဲ့ အမြင်တွေ ပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေး အပြီးမှာ၊ ဒီအပစ်ရပ်စဲမှုကြောင့် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ ပုံရိပ်ပြန်ကောင်းလာမယ်လို့ စစ်ကောင်စီက မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ AA ဟာ တိုက်ပွဲရပ်နားထားချိန်ကို အသုံးချပြီး ဒေသခံတွေရဲ့ ထောက်ခံမှုရအောင် ယူခဲ့သလို၊ တပ်ဖွဲ့ဝင်အင်အားကိုလည်း တည်ဆောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ AA ဟာ သဘောတူညီချက်ကို ဖောက်ဖျက်ပြီး ထိုးစစ်တွေ ပြန်စခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ကို နေပြည်တော်စစ်တပ်က အရှုံးကြီးရှုံးနေချိန်မှာ အခုလို ထိုးစစ်ဆင်ခဲ့တာပါ။ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် ဆာဆာကာဝါရဲ့ စေ့စပ်ဖျန်ဖြေရေး ကြိုးပမ်းမှုတွေ အချည်းနှီး ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး လုပ်တာဟာ သူတို့အတွက် အကျိုးမရှိတော့ဘူးလို့ စစ်ကောင်စီက ယုံကြည်သွားပုံရပါတယ်။ နောက်ပြီး ပြင်ပကနေ လာရောက်ဖျန်ဖြေပေးသူတွေအပေါ် AA ရဲ့ မယုံကြည်မှုကလည်း ကြီးမားလာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုကြောင့် ၂၀၂၅ ခုနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စီးပွားရေးအချက်အချာ လားရှိုးမြို့ကို MNDAA ကနေ စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးခဲ့ရပါတယ်။ ဒီလို လားရှိုးမြို့ကို ပြန်ပေးလိုက်ရတဲ့အတွက် ပြင်ပက ကြားဝင်စေ့စပ်ပေးမှုတွေအပေါ် AA ရဲ့ သံသယ ပိုကြီးသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ဆွေးနွေးပွဲစားပွဲဝိုင်းကို ပြန်သွားဖို့ ဆန္ဒနည်းသွားနိုင်ပါတယ်။

နိုင်ငံတကာက ကြားဝင်ပေးမဲ့ အပစ်အခတ်ရပ်စဲရေးကို စစ်တပ်ဘက်က တွန့်ဆုတ်နေပေမဲ့လည်း၊ ဆာဆာကာဝါနေပြည်တော်ကို မကြာသေးခင်က လာသွားတာကို ကြည့်ရင် ပြင်ပကနေ ကူညီပေးမဲ့ သဘောတူညီချက်တွေကို လုံးဝပယ်ချထားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဂျပန်နိုင်ငံဟာ တခြားအင်အားကြီး နိုင်ငံတွေထက်စာရင် ယုံကြည်ရပြီး၊ ဖိအားပေး အကျပ်ကိုင်တာမျိုး မလုပ်ဘူးဆိုတဲ့ အားသာချက် ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ဖြစ်နေတဲ့ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ကြားဝင်ဖျန်ဖြေသူအဖြစ် ဂျပန်ဟာ ပိုပြီး ယုံကြည်ရပါတယ်။

ဂျပန်ဟာ သူ့ရဲ့ ငြိမ်းချမ်းရေး သံတမန်လုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်လာတဲ့အတွက်၊ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ဂျပန်ကို ထိရောက်တဲ့ မိတ်ဖက်အဖြစ် တွေ့မြင်လာနိုင်ပါတယ်။ ဂျပန်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ တံတားသဖွယ် ချိတ်ဆက်ပေးတဲ့ “ကက်ခဲဟရှိ (ကြိုးတံတား)” နည်းလမ်းကို အချိန်ကြာမြင့်စွာ သုံးခဲ့ပါတယ်။ အရင်က အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေ အပါအဝင် ဒီအတွေ့အကြုံတွေဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို တိုင်းတာမဲ့ စံနှုန်းတွေ သတ်မှတ်ရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒီစံနှုန်းတွေကို ရေးဆွဲဖို့ ဇူလိုင် ၁၂ ရက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြတာပါ။ မေလတုန်းက ငြိမ်းချမ်းရေး စေ့စပ်ဖျန်ဖြေမှုဆိုင်ရာ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ သဘောတူညီချက် ရယူခဲ့ပါတယ်။ အဲဒီလမှာပဲ လွှတ်တော်တွင်း ငြိမ်းချမ်းရေး စေ့စပ် ဖျန်ဖြေရေးအဖွဲ့ ပထမဆုံး အစည်းအဝေးကို ဂျပန်မှာရှိတဲ့ စင်ကာပူ သံရုံးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ ဒါတွေဟာ ဂျပန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်မဲ့ အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါတယ်။ အရှေ့တောင်အာရှ လေ့လာရေးအင်စတီကျုတခုဖြစ်တဲ့ ISEAS-Yusof Ishak ရဲ့ လတ်တလော စစ်တမ်းအရ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဂျပန်က “မှန်ကန်တဲ့ အရာကို လုပ်ဆောင်ပေးမယ်” ဆိုပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အတော်လေး ယုံကြည်ကြပါတယ်။ ဒါကြောင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဘယ်နိုင်ငံကပဲ ယူယူ၊ ဂျပန်ဟာ ယုံကြည်ရပြီး တသမတ်တည်းရှိတဲ့ မိတ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေမှာပါ။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ရဲ့ လွှမ်းမိုးမှု ကြီးထွားလာနေတာကိုလည်း ဂျပန်က သတိထား စောင့်ကြည့်နေပါတယ်။ ၂၀၂၅ ခုနှစ် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမှာ တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့တာကို ကြည့်ရင်၊ အရှေ့တောင်အာရှ ငြိမ်းချမ်းရေး ဖျန်ဖြေမှုတွေမှာ တရုတ်က သူ့ရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေးတွေမှာလည်း တရုတ်က အထင်ရှားဆုံး ပြင်ပနိုင်ငံအဖြစ် ပါဝင်နေပါတယ်။ ဒါပေမဲ့ အာဆီယံက ဦးဆောင်တဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးတာထက်စာရင်၊ နိုင်ငံချင်း နှစ်နိုင်ငံ တိုက်ရိုက်ဆက်ဆံရေးကိုပဲ တရုတ်က ပိုအားပေးလေ့ရှိပါတယ်။

ဂျပန်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ချဉ်းကပ်ပုံမှာတော့ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ကို အဓိက သုံးထားပါတယ်။ ပဋိပက္ခတွေကို ရေရှည်တားဆီးနိုင်ဖို့ လူသားလုံခြုံရေးကို အခြေခံထားသလို၊ မိတ်ဖက်နိုင်ငံတွေအတွက်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ဖို့ အလေးထားပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ ၃၀၀ လောက် ဆက်လက်လည်ပတ်နေဆဲ ဖြစ်တာကြောင့် ဂျပန်အတွက် စီးပွားရေးအရ ဩဇာလွှမ်းမိုးနိုင်မှု အလားအလာတွေ ရှိနေပါတယ်။ မင်ဒါနာအိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဂျပန်က ဆယ်စုနှစ်ချီ ပါဝင်ခဲ့တာကို ကြည့်ရင် သူတို့ရဲ့ ရေရှည် ငြိမ်းချမ်းရေးတည်ဆောက်မှု စွမ်းရည်ကို မြင်နိုင်ပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ လူသားချင်းစာနာမှုနဲ့ အရေးပေါ် တုံ့ပြန်မှု အကူအညီပေးရေး ယန္တရားတွေမှာ ဂျပန်က အတွေ့အကြုံ အများကြီး ရှိပါတယ်။ ဥပမာ- မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမှာ အာဆီယံ လေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဂျပန်ရဲ့ တရားဝင် လုံခြုံရေးအကူအညီ အစီအစဉ်ကနေ ထောက်ပံ့ပေးခဲ့ပါတယ်။

ဒါကြောင့် ဂျပန်ဟာ အာဆီယံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်တာမျိုးမရှိဘဲ ဘယ်လို ကူညီပံ့ပိုးပေးရမလဲဆိုတာ ကောင်းကောင်း သိပါတယ်။ ဒီလို ပုံစံမျိုးနဲ့ အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေမှာ ဂျပန်က တိတ်တဆိတ် မိတ်ဖက်အနေနဲ့ ပါဝင်လာနိုင်ပါတယ်။ အာဆီယံက ဆွေးနွေးပွဲတွေကို ဦးဆောင်နေချိန်မှာ ဂျပန်က သူတို့ရဲ့ ဖျန်ဖြေရေး အတွေ့အကြုံတွေနဲ့ အရင်းအမြစ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

ဟီရိုကာဇုအိုမတ်စုနှင့် ကြည်စင်

Ref:  South China Morning Post 

(South China Morning Post သတင်းဝက်ဘ်ဆိုက်တွင်  ဟီရိုကာဇုအိုမတ်စုနှင့် ကြည်စင်တို့ ရေးသားထားသည့် “Why Asean’s Myanmar peace push needs Japan’s ‘silent diplomacy” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။

ဟီရိုကာဇုအိုမတ်စုသည် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ပြည်တွင်းပဋိပက္ခများအကြောင်းကို အဓိကထား လေ့လာနေသော သုတေသီတဦးဖြစ်သည်။ ကြည်စင်သည် ISEAS - Yusof Ishak အင်စတီကျု၏ မြန်မာနှင့် ထိုင်းရေးရာ လေ့လာရေး အစီအစဉ်များမှ သုတေသန အရာရှိတဦး ဖြစ်သည်။ ဤဆောင်းပါးကို အဆိုပါ အင်စတီကျု၏ သုံးသပ်ချက် ဝက်ဘ်ဆိုက် fulcrum.sg တွင် ပထမဆုံး ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013