DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုများကို စုပေါင်းကာကွယ်ကြရန် ၈၈ ပြော
DVB
·
March 28, 2013
အကြမ်းဖက်မှုများကို စုပေါင်းကာကွယ်ကြရန် ၈၈ ပြော
Donate to DVB

အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို အားလုံး စုပေါင်းကာကွယ်သွားကြဖို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောကြားလိုက်ပါတယ်။

လက်တလောဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဒီကနေ့ ၈၈ မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

[caption id="attachment_37936" align="alignleft" width="300" caption="၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်"][/caption]

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “အကွက်ကျကျ စီစဉ်ထားတဲ့ ထောင်ချောက်ဆိုတာ သာမန်ပြည်သူတွေ မပြောနဲ့ အားလုံးသိနေပြီ။ ဒါတွေကို တားဆီးတဲ့နေရာမှာ လုံခြုံရေးတပ်ဖွဲ့တွေ လက်နှေးနေတာ၊ ချီတုံချတုံဖြစ်နေတာကိုလည်း အားမလိုအားမရဖြစ်နေကြတယ်။ အုပ်စုဖွဲ့လာပြီးတော့ ဘယ်ကလာမှန်းမသိတဲ့ မျက်နှာစိမ်းတွေ ၀င်အတိုက်ခံနေရတဲ့ အင်အားနည်းတဲ့ မြို့ကလေးက ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုလည်း အပြည့်အ၀နားလည်ပါတယ်။ အဲတော့ စုပေါင်းကာကွယ်ကြရပါလိမ့်မယ်။ အခုဆိုရင် ဘာသာရေးဆိုင်ရာ နှစ်ဖက်ခေါင်းဆောင်တွေရော၊ အရပ်သားအဖွဲ့အစည်းတွေရော၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၀န်ထမ်းတွေရော၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အကုန်လုံးပေါင်းပြီးတော့ လူငယ်တွေပါ ညတွေမှာစုပြီး ကိုယ့်ရပ်ကိုယ့်ရွာ စောင့်ရှောက်တာ လုပ်နေကြပြီ။”

ပြည်သူတွေအနေနဲ့လည်း ကောလာဟလသတင်းကြားတိုင် မယုံကြည်ကြဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

“ကောလာဟလတခုကြားတိုင်း၊ သတင်းတခုကြားတိုင်း လန့်ပြီးအနီးမှာရှိတာကို လက်ဦးအောင်လုပ်မယ်ဆိုတာမျိုး မဖြစ်ရပါဘူး။ သတင်းကြားတိုင်းမယုံပါနဲ့။ ခေါင်းအေးအေးနဲ့ ချင့်ချိန်ပါ။ သွေးအေးအေးနဲ့ စဉ်းစားပါ။ သိပ်အရေးကြီးပါတယ်။”

ပဋိပက္ခတွေကို တာဝန်ယူဖြေရှင်းနေတဲ့ အစိုးရဌာနတွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ ဒီထက်အားကောင်းအောင် လုပ်ကြဖို့လည်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“ပြဿနာကို အေးချမ်းစွာဖြေရှင်းပြီးတော့ စုစုစည်းစည်းနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ထားပါ။ တဖက်က အကြမ်းဖက်သမားတွေအတွက်ကတော့ ဒါတရားဥပဒေအရ ဖြေရှင်းရမယ့်ကိစ္စပဲ။ တရားဥပဒေစိုးမိုးရေး အရေးကြီးတယ်။ ပြည်သူတွေအားလုံး စုပေါင်း တာဝန်ယူကြပါ။ အဓိက တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေကလည်း တရားဥပဒေစိုးမိုးရေးကို ဒီထက်အားကောင်းအောင် ဆောင်ရွက်ပါလို့ ပြောချင်တယ်။”

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အခု ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ ပဋိပက္ခဖြေရှင်းနိုင်စွမ်း အားနည်းချက်တွေကို ထောက်ပြ ဝေဖန်သွားခဲ့ပြီး ဒါဟာ ပြဿနာတွေကို ပိုကြီးထွားသွားစေတဲ့ အကြောင်းရင်းတွေထဲကတခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက နောက်ကွယ်က အုပ်စုလိုက် သွေးထိုးလှုံ့ဆော်သူတွေ၊ အကြမ်းဖက်သူတွေကို ထိထိရောက်ရောက် အရေးယူ စုံစမ်းဖော်ထောက်ဖို့လိုကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုက အားကိုးယုံကြည်တဲ့သူတွေဖြစ်ဖို့ အခု ပဋိပက္ခကို ဖြေရှင်းခဲ့တဲ့ ပုံစံအရ မဖြစ်နိုင်သေးဘူးလို့လည်း ရှင်းလင်း ပြောဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013