DVB Logo
Home
မြန်မာသတင်း
COVID- 19 ရောဂါ စိတ်ချရသည့် အနေအထားရောက်မှ မန္တလေးဈေးချို ပြန်ဖွင့်မည်
DVB
·
March 30, 2020
COVID- 19 ရောဂါ စိတ်ချရသည့် အနေအထားရောက်မှ မန္တလေးဈေးချို ပြန်ဖွင့်မည်
Donate to DVB

COVID- 19 ကြောင့် မတ်လ ၂၉ ရက်က စတင်ပိတ်လိုက်တဲ့ မန္တလေးဈေးချိုတော်ကို ရောဂါကူးစက်မှုမရှိပဲ စိတ်ချရတဲ့အနေအထားပြီး ညွှန်ကြားချက်ရမှသာ ဈေးဆိုင်ခန်းအားလုံး ပြန်ဖွင့်မယ်လို့ အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။

လက်ရှိ မန္တလေးဈေးချိုရှိ ဆိုင်တချို့ကိုခေတ္တ ပိတ်ထားပြီး ကုန်စိမ်း၊ ကုန်ခြောက်၊ သားငါးဆိုင်တွေကိုတော့ ဆက်လက်ဖွင့်လှစ်ထားပါတယ်။

ဒါပေမယ့် ဈေးသည်နဲ့ ဈေး၀ယ်ထိတွေ့တဲ့အချိန် လျော့နည်း စေဖို့အတွက် အသင့်ထုပ်ပိုးထားတဲ့ ပစ္စည်းတွေကိုသာ ရောင်းချခွင့်ပြုထားတယ်လို့ အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိူးမင်းထွန်း က ပြောပါတယ်။

"ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာကတော့ အထက်ကနေပြီးတော့ ညွှန်ကြားချက် ထွက်လာမှပေါ့နော်။ အဲ့လိုထွက်လာမှပဲ ဈေးဖွင့်မယ့်ရက်ကို ပြန်လည်ကြေညာ ပေးသွားမှာပေါ့။ ဒီမှာ ပိုးပြန့်ပွားမှုနှုန်းလည်းမရှိဘူး နောက်ထပ် Positive လည်း မတွေ့ဘူးပေါ့နော်၊အခု ဒီရောဂါပိုးနဲ့ ပတ်သတ်ပြီးတော့ ထိန်းချုပ်နိုင်တဲ့အနေအထားတခုကို ရောက်လာပြီ ထိန်းချုပ်နိုင်ပြီ စိတ်ချရပြီဆိုတဲ့ညွှန်ကြားချက်ရှိလာပြီဆိုမှ ဈေးဖွင့်ဖို့ သက်သက်ကြေညာ ပေးသွားမှာပါ”

ဈေးပိတ်ထားချိန်အတွင်းမှာ တိုင်း မီးသတ်ဦးစီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တို့က ပူးပေါင်းပြီးတော့ ပိုးသတ်ဆေးဖျန်းဖို့လည်း လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

အများပြည်သူ စိုးရိမ်ပူပန်ပြီး ကုန်ဈေးနှုန်းတွေ ကမောက်ကမဖြစ်စေဖို့ နေ့စဉ်လိုအပ်တဲ့ ကုန်စိမ်း၊ ကုန်ခြောက်နဲ့ အသားငါးဆိုင်တွေကို နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ဖွင့်လှစ်ပေးမယ်လို့ ဈေးအကျိုးတော်ဆောင်အဖွဲ့ကပြောပါတယ်။

အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီးအကျိူးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းက "အဓိက ကတော့ ဈေးဝယ်လာတဲ့သူ နောက်ပြီး ဈေးရောင်းချတဲ့သူ တို့ရဲ့ ထိတွေ့မှုကို အတတ်နိုင်ဆုံးနည်းအောင်၊ နောက် ဈေးဝယ်တဲ့အချိန်ကိုလည်း အတတ်နိုင်ဆုံး နည်းအောင် ဈေးရောင်းချသူတွေအနေနဲ့ အသင့်ထုပ်ပိုးထားတဲ့ ဥပမာ ငါးခြောက်ဆိုရင်လည်း ထုပ်ပိုးထားတဲ့ ၁၀ သား ၂၀ သား ဆိုပြီး အဆင့်သင့်ထုပ်ပိုးထားမယ်၊ ထုပ်ပိုးထားတဲ့အတိုင်း အဲ့ဒီဟာကိုပဲ ဈေးဝယ်က ၀ယ်ယူရမယ်ပေါ့ ဒီလိုမျိုးနဲ့ ပဲ ၀ယ်ယူသူနဲ့ရောင်းချသူကြားမှာ ထိတွေ့မှု နည်းပြီး ရောဂါကူးစက်မှုနှုန်း လျှော့ကျအောင်လည်း ဆောင်ရွက်ထားပါတယ်" လို့ ပြောပါတယ်။

နေ့စဉ်သုံး ဆေးဝါးတွေ၊ ဆေးရုံဆေးခန်းတွေ အတွက်လိုအပ်တဲ့ ဆေးဝါးတွေ ဆေးပစ္စည်း တွေကို ပြတ်လတ်မှု မရှိအောင်ဈေးချိုမှာရှိတဲ့ ဆေးဆိုင်တချို့က အွန်လိုင်းကနေ အရောင်းအဝယ်ပြု လုပ်ကာ အိမ်အရောက်ပို့ပေးနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဈေးချိုတော် အကျိုးဆောင်အဖွဲ့တို့ ပူးပေါင်းပြီး ဈေးမပိတ်ခင်ကတည်းက ဈေးလာရောက်သူအားလုံးကို အပူချိန်တိုင်းတာ၊ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်တာ၊ ဈေးအတွင်းနဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ လက်ဆေးကန်တွေ ထားရှိပေးထားပါတယ်။

ဆက်လက်ဖွင့်လှစ်တဲ့ ဈေးဧရိယာမှာလည်း ဒီလုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်သွားဖို့ ရှိပြီး ဈေးအရှေ့ဘက်ခြမ်းပြန်လည်ဖွင့်လှစ်ပါက လက်ဆေးကန်တွေကို တိုးချဲ့တပ်ဆင်ပေးမယ်လို့လည်း သိရပါတယ်။

သတင်း- ‌ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013