DVB Logo
Home
မြန်မာသတင်း
ခိုနုမ်းထုန် ချင်းသတင်းဌာန ဂျာနယ်ထုတ်ဝေတော့မည်
DVB
·
March 28, 2013
Donate to DVB

ချင်းပြည်နယ်နဲ့ ချင်းတိုင်းရင်းသားသတင်းတွေကို အွန်လိုင်းမီဒီယာကနေ ဖြန့်ဝေ ဖော်ပြပေးနေတဲ့ ခိုနုမ်းထုန် ချင်းသတင်းဌာနဟာ မကြာခင် ဂျာနယ်ထုတ်ဝေတော့မယ်လို့ ပြောပါတယ်။

အစိုးရသစ်လက်ထက် မီဒီယာလွတ်လပ်ခွင့်ရလာတဲ့အတွက် ပြည်နယ်အကျိုးအတွက် သတင်းဌာနကဏ္ဍကနေ ဝေဖန်ထောက်ပြ အကြံပြုသွားမယ်လို့ ခိုနုမ်းထုန် ချင်းသတင်းစဉ်ရဲ့ လက်ထောက် အယ်ဒီတာ ဆလိုင်းရောဘတ်က ပြောပါတယ်။

“ချင်းပြည်နယ်ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ။ လက်ရှိလုပ်နေတာမှာ ဘာတွေ အားနည်းချက်ရှိနေလဲဆိုတာကို ကျနော်တို့ အတတ်နိုင်ဆုံးဝေဖန်ထောက်ပြပြီး အကြံပြုဖို့ ကြိုးစားသွားမှာပါ။ ဒီအတွက်လည်း ချင်းပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း သတင်းဌာနကဏ္ဍကနေ တတ်နိုင်သလောက်ပံ့ပိုးကူညီမယ်။ အဲအတွက်လည်း တိုးတက်မှုတွေရှိလာမယ်လို့ ယုံကြည်ပါတယ်။ ချင်းပြည်နယ်ထဲ လက်ရှိဖြစ်နေတဲ့ လူမှုရေး၊ ဘာသာရေး၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ ချင်းပြည်နယ်ထဲဖြစ်နေတာတွေ၊ နိုင်ငံခြားရောက်နေတဲ့ ချင်းတွေအခြေအနေကို လွှမ်းခြုံနိုင်အောင် တတ်နိုင်သလောက်ထုတ်ဖို့ ကြိုးစားသွားမှာပါ။”

ဂျာနယ် ထုတ်ဝေဖို့ မတ်လ ၁၃ ရက်နေ့စွဲနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရပြီးပြီ လို့ ဆိုပါတယ်။

မြန်မာလို ဧရာမတောင်လို့ အဓိပ္ပာယ်ရတဲ့  ခိုနုမ်းထုန်ချင်းသတင်းဂျာနယ်ကို လစဉ်ထုတ်အနေနဲ့ လာမယ့် မေလကနေ မြန်မာဘာသာနဲ့ စတင်ထုတ်ဝေသွားဖို့ရှိပြီး ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။

အထူးသဖြင့် အင်တာနက်နဲ့ အလှမ်းဝေးတဲ့ ပြည်သူတွေအတွက် ရည်ရွယ်တယ်လို့လည်း ဆလိုင်းရောဘတ်က ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မစ်ဇိုရမ်ပြည် အခြေစိုက် ခိုနုမ်းထုန် သတင်းဌာနကို နိုင်ငံရေးအခြေအနေ ပြောင်းလာတဲ့အတွက် ချင်းပြည်နယ် ဟားခါးနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဂျာနယ်တိုက်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ခိုနုမ်းထုန် ချင်းသတင်းဌာနကို  ၂၀၀၂ ခုနှစ် မတ်လ ၇ ရက်နေ့မှာ  ဆလိုင်းဗွီကျိမ်း၊ ဆလိုင်းခါးလ်၊ ဆလိုင်းနီဗွေးလ် စတဲ့ ပြည်ပရောက် ချင်းလူငယ်တစုက စတင်ထူထောင်ခဲ့ပြီး လက်ရှိ အမြဲတမ်းသတင်းထောက် ၁၀ ဦးရှိကြောင်း၊ နောက်နောင်  ပြည်တွင်းသတင်းထောက်တွေ များများမွေးထုတ်မယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်ထဲမှာ ဒေသအလိုက်ထုတ်ဝေတဲ့  ဂျာနယ်တွေ ၁၀ စောင်လောက်ရှိပြီး တရားဝင်အနေနဲ့ ချင်းပြည်နယ်တခုလုံး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေနေတာကတော့ ချင်းဝေါ်လ်သတင်းဌာနပဲ ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013