DVB Logo
Home
မြန်မာသတင်း
ပြည်သူ့အသက်အိုးအိမ် ထိပါးရင် အင်အားသုံးနှိမ်နင်းမည်ဟု သမ္မတပြော
DVB
·
March 28, 2013
ပြည်သူ့အသက်အိုးအိမ် ထိပါးရင် အင်အားသုံးနှိမ်နင်းမည်ဟု သမ္မတပြော
Donate to DVB

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကို လုံးဝ လက်သင့်ခံမှာမဟုတ်ဘဲ လိုအပ်ရင် မြို့ပြအင်အားသုံးပြီး တားဆီးနှိမ်နင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

“ကျနော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေ ဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိကတာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။”

လက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ည နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြည်သူတွေကို မိန့်ခွန်းပြောကြားရာ ထည့်သွင်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် အကြမ်းဖက်မှုတွေကို အင်အားသုံး မဖြေရှင်းတာဟာ အချိန်မတိုင်မီ ဒီမိုကရေစီလမ်းကြောင်း ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ မိတ္ထီလာမြို့မှာ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း ပဲခူးတိုင်းဒေသကြီးကို အကြမ်းဖက်မှုတွေ ဆက်လက် ပျံ့နှံ့ခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး အုတ်ဖို၊ နတ်လလင်း၊ သဲကုန်း၊ ဇီးကုန်း၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ကြဖို့  အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။

မိတ္ထီလာမြို့မှာ အကြမ်းဖက် မီးရှို့မှုဖြစ်စဉ်တွေကြောင့် လူပေါင်း ၃၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရရှိခဲ့ကြသလို လူဦးရေ ၁ သောင်းခွဲလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013