DVB Logo
Home
နိုင်ငံတကာ
စက်တင်ဘာလ၌ အမေရိကန်အစိုးရ ရပ်ဆိုင်းမှု ဖြစ်နိုင်ခြေကို ထရမ့်ပ် သတိပေး
DVB
·
July 23, 2026
Photo: REUTERS/Evelyn Hockstein
Photo: REUTERS/Evelyn Hockstein
Donate to DVB

အမေရိကန် ကွန်ဂရက်လွှတ်တော်က ဘဏ္ဍာရေးနှစ်ကုန်ကာလအလွန်မှာ အစိုးရလုပ်ငန်းတွေကို ဆက်လက်လည်ပတ်နိုင်ဖို့ ရေတိုရန်ပုံငွေ အစီအမံနဲ့ ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ ဖက်ဒရယ်အသုံးစရိတ်နဲ့ ပတ်သက်ပြီး နှစ်ပါတီ အပြိုင်အဆိုင် သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေတာကြောင့် စက်တင်ဘာလမှာ ဖက်ဒရယ်အစိုးရ ယန္တရား ရပ်ဆိုင်းမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၂၂ ရက် ဂျော်ဂျီယာပြည်နယ်မှာ မိန့်ခွန်းပြောကြားပွဲအတွင်း သတိပေး ပြောပါတယ်။

တဖက်မှာလည်း နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမှုကို ကာကွယ်ဖို့အတွက် ရီပတ်ဘလစ်ကန်တွေ စိုးမိုးထားတဲ့ အောက်လွှတ်တော်က လာမဲ့ ဒီဇင်ဘာ ၄ ရက်အထိ ဖက်ဒရယ်အစိုးရ အေဂျင်စီတွေကို ဘတ်ဂျက်ထောက်ပံ့ပေးမဲ့ ယာယီအသုံးစရိတ် ဥပဒေကြမ်း (CR) ကို အင်္ဂါနေ့က အတည်ပြုခဲ့ပြီး ဆီးနိတ်အထက်လွှတ်တော်ကို ဆက်လက် ပေးပို့ထားပါတယ်။

လက်ရှိမှာတော့ ဆီးနိတ် ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေဟာ ဒီမိုကရက်တွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေသလို သီးခြား ယာယီရန်ပုံငွေ အဆိုပြုချက်တခုကိုလည်း ထည့်သွင်း စဉ်းစားနေကြပါတယ်။

တကယ်လို့ လက်ရှိ ဘဏ္ဍာရေးနှစ် ကုန်ဆုံးမဲ့ စက်တင်ဘာ ၃၀ ရက် သန်းခေါင်ယံအချိန်အထိ ကွန်ဂရက်လွှတ်တော်အနေနဲ့ သင့်တော်တဲ့ အသုံးစရိတ်ဥပဒေကြမ်းကို အချိန်မီ အတည်မပြုနိုင်ခဲ့ရင် ဖက်ဒရယ်အေဂျင်စီနဲ့ အစီအစဉ် အများစုရဲ့ ရန်ပုံငွေသက်တမ်း ကုန်ဆုံးသွားမှာဖြစ်ပြီး အစိုးရယန္တရား အစိတ်အပိုင်းလိုက် ရပ်ဆိုင်းမှု ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ပ်ရဲ့ ပြောကြားချက်အရ ဒီမိုကရက်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် စက်တင်ဘာမှာ အစိုးရရပ်ဆိုင်းမှု ဖြစ်လာနိုင်တယ်လို့ စွပ်စွဲထားပါတယ်။ 

အဲဒီလို မဖြစ်ရအောင် ဆီးနိတ် ရီပတ်ဘလစ်ကန်ခေါင်းဆောင် ဂျွန်သူးန်အနေနဲ့ ဥပဒေကြမ်းတွေကို အချိန်ဆွဲ ဟန့်တားနိုင်တဲ့ ဖီလီဘတ်စ်တာ (Filibuster) စနစ်ကို အမြန်ဆုံး ဖျက်သိမ်းကာ အသုံးစရိတ်ဆိုင်ရာ အစီအစဉ်အားလုံးကို ချက်ချင်း အတည်ပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဖီလီဘတ်စ်တာ ဆိုတာ အမေရိကန် အထက်လွှတ်တော်မှာ သုံးတဲ့ “ဥပဒေကြမ်းတခု မဲမခွဲနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ မတန်တဆ အချိန်ဆွဲ ဟန့်တားတဲ့ နည်းဗျူဟာ” ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရက်တွေသာ အခွင့်အရေးရရင် အဲဒီ ဖီလီဘတ်စ်တာစနစ်ကို ဖျက်သိမ်းပြီး ပွါတိုရီကို နဲ့ ဝါရှင်တန်ဒီစီတို့ကို ပြည်နယ်အဖြစ် အတည်ပြုကာ ဆီးနိတ်အမတ် ၄ နေရာ၊ အောက်လွှတ်တော်အမတ် ၁၂ နေရာနဲ့ မဲဆန္ဒနယ် မဲရလဒ် ၄၀ နီးပါး ရယူသွားနိုင်တယ်လို့လည်း ထရမ့်ပ်က ထောက်ပြခဲ့ပါတယ်။

စက်တင်ဘာ အစိုးရ ရပ်ဆိုင်းမှုအပြင် နောက် ၂ နှစ်အကြာမှာ ရင်ဆိုင်ရမဲ့ ကြွေးမြီကန့်သတ်ချက် ပြဿနာဟာလည်း စီးပွားရေးကို ၁၉၂၉ ခုနှစ် စီးပွားပျက်ကပ်လို အခြေအနေဆိုးထဲ တွန်းပို့နိုင်တာကြောင့် ရီပတ်ဘလစ်ကန်တွေ အနေနဲ့ ဘတ်ဂျက်ဥပဒေကြမ်းတွေကို လွှတ်တော်မှာ အမြန်ဆုံး အတည်ပြုနိုင်အောင် ဆောင်ရွက်ကြဖို့ပါ ထရမ့်ပ်က ဆက်လက် တိုက်တွန်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013