DVB Logo
Home
မေးမြန်းခန်း
အကြမ်းဖက်မှုမဖြစ်အောင် တရားဓမ္မနဲ့ တရားဥပဒေ စိုးမိုးဖို့ အရေးကြီးတယ် – အရှင်ဆန္ဒာဓိက
DVB
·
March 28, 2013
အကြမ်းဖက်မှုမဖြစ်အောင် တရားဓမ္မနဲ့ တရားဥပဒေ စိုးမိုးဖို့ အရေးကြီးတယ် – အရှင်ဆန္ဒာဓိက
Donate to DVB

ပဲခူးတိုင်းဒေသကြီး အုတ်ဖို၊ နတ်လလင်း၊ သဲကုန်း၊ ဇီးကုန်း၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ကြဖို့  အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ မိတ္ထီလာမြို့မှာ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း ပဲခူးတိုင်းဒေသကြီးကို အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ဘာသာတခုနဲ့တခု တူတူ၊ မတူတူ ဘာသာဝင်တွေအားလုံး ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးနေထိုင်သွားကြဖို့ မိန့်ကြားပါတယ်။ ဖြစ်ခဲ့ပြီးတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း ရန်မီး၊ အပူမီးတွေ မပွားအောင်၊ နောက်ထပ်လည်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်မလာအောင် တရားဓမ္မစိုးမိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတယ်လို့ မိန့်ကြားပါတယ်။

ဆရာတော်ရဲ့ ငြိမ်းချမ်းရေး မိန့်ကြားချက်

[caption id="attachment_37911" align="alignright" width="300" caption="အရှင်ဆန္ဒာဓိက"][/caption]

“အခုလို အကြမ်းဖက်မှုတွေ ဖြစ်တဲ့နေရာမှာ ဘာသာရေးနဲ့လည်း ဆိုင်သလိုလို၊ လူမျိုးရေးနဲ့လည်း ဆိုင်သလိုလို ပြောကြတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ပါ ရောထွေးပြီး အကြမ်းဖက်မှုဆိုတဲ့ ခေါင်းစဉ်တွေ ဖြစ်နေတာပေါ့။

“အခုလို ဘာသာရေး၊ လူမျိုးရေး အသွင်သဏ္ဌာန်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်မလာဖို့အတွက် အရေးအကြီးဆုံးက တရားဓမ္မစိုးမိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးပေါ့။ တရားဥပဒေစိုးမိုးရေးကတော့ လူအတော်များများ ပြောလေ့ရှိတယ်။ တရားဥပဒေစိုးမိုးရေးက အင်မတန်အရေးကြီးပါတယ်။

“တယောက်နဲ့တယောက် ဘာသာမတူတဲ့သူတွေ လက်တွဲပြီး အတူနေထိုင်ကြတဲ့ နေရာမှာ အခြေအနေပေါ်မူတည်ပြီး ဆက်ဆံစရာကိစ္စတွေဆိုတာ ပေါ်လာမှာပဲ။ ပြဿနာတွေဆိုတာလည်း ပေါ်လာကြမှာပဲ။ တယောက်နဲ့တယောက်ပြဿနာ ဖြစ်ကြတယ်၊ နှစ်ဖက်ရန်ဖြစ်ကြတယ်၊ ဘာသာနှစ်ခု မတူကြဘူးပေါ့။ မတူကြတဲ့အခါမှာ ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကို စော်ကားတယ်၊ ညှဉ်းပန်းနှိပ်စက်တဲ့ဆိုတဲ့ အတွေးမျိုး ၀င်လာတတ်တာပေါ့။

“အရေးကြီးတာကတော့ ဘာသာဆိုတာကို အဓိက မကြည့်ဘဲ တရားဓမ္မကိုပဲ ကြည့်ရမယ်။ တရားဓမ္မဆိုတာ ကြည့်တဲ့နေရာမှာ အခြေခံအားဖြင့်ကတော့ တလုံးတည်းပဲ ပြောရင် မေတ္တာတရား၊ အပြည့်အစုံပြောရရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဗြဟ္မစိုရ်တရားလေးပါးပေါ့။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့က လမ်းစဉ် ၂ ခုရှိတယ်။ ဘ၀ချမ်းသာရေးလမ်းစဉ်၊ ဘ၀လွတ်မြောက်ရေးလမ်းစဉ်။ ဘ၀လွတ်မြောက်ရေးအနေနဲ့က သစ္စာတရားလေးပါးတရား။ ဓမ္မစကြာတရားတော်မှာ မြတ်စွာဘုရားဟောထားတယ်။ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂလို့ခေါ်တဲ့ သစ္စာလေးပါးကတော့ သံသရာကနေ လွတ်မြောက်ချင်တဲ့သူတွေ၊ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေအတွက် အဓိက ကျင့်သုံးရမယ့် တရားလေးပါးပေါ့။ ဘ၀က မလွတ်မြောက်သေးခင်၊ ဘ၀မှာ ကျင်လည်နေစဉ်မှာ ဘ၀ချမ်းသာရေး၊ ဘ၀ပြည့်စုံရေး၊ ဘ၀အဆင်ပြေရေး၊ ဘ၀အေးချမ်းရေးအတွက်ကျတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာလို့ခေါ်တဲ့ ဗြဟ္မစိုရ်တရားလေးပါး အရေးကြီးပါတယ်။

“၄ ပါး၊ ၄ ပါးချင်းပေါ့။ ဘ၀လွတ်မြောက်ရေးအတွက် သစ္စာ ၄ ပါး၊ ဘ၀ချမ်းသာရေးအတွက် ဗြဟ္မစိုရ် ၄ ပါး။ ဗြဟ္မစိုရ် ၄ ပါးဆိုတဲ့ တရားဓမ္မ လူသားတိုင်းရဲ့ နှလုံးသားတိုင်းမှာ စိုးမိုးတယ်ဆိုရင် ဒါ တရားဓမ္မစိုးမိုးတယ်ခေါ်တာပေါ့။ လူသားတိုင်း၊ လူသားတိုင်းရဲ့ နှလုံးသားမှာ တရားဓမ္မ စိုးမိုးနေဖို့ အရေးကြီးပါတယ်။ ဘ၀လွတ်မြောက်ရေးကို ကိုယ်ကစိတ်မ၀င်စားဘူးဆို ခဏထားလိုက်။ လက်တွေ့ဘ၀ထဲမှာ မသေခင်ရှင်သန်နေရတဲ့ ဘ၀မှာတော့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်လေး နေထိုင်သွားဖို့ အရေးကြီးတယ်။ အဲလိုနေထိုင်သွားဖို့ဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရား ၄ ပါး တရားဓမ္မစိုးမိုးဖို့ အရေးကြီးပါတယ်။ တယောက်ချင်း တယောက်ချင်းရဲ့ သန္တာန်မှာစိုးမိုးရင် တနိုင်ငံလုံး၊ လူ့အဖွဲ့အစည်းတခုလုံးဟာ တရားဓမ္မစိုးမိုးတဲ့လောကဖြစ်သွားတာပေါ့။

“အခါအားလျော်စွာ အခြေအနေ၊ အချိန်အခါအရ တရားဓမ္မလက်လွတ်သွားလို့၊ တရားဓမ္မမစိုးမိုးမိလိုက်လို့ ပြဿနာဖြစ်သွားတယ်ဆိုရင်လည်း သူကဘာ ဘာသာမို့လို့၊ ငါကဘာ ဘာသာမို့လို့၊ ငါ့ဘာသာကို သူကစော်ကားတယ်ဆိုပြီး ဒေါသနဲ့မဖြေရှင်းဘဲနဲ့ တရားဥပဒေနဲ့ပဲဖြေရှင်းရအောင် သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေကို တရားဥပဒေနဲ့အညီ အမှုဖွင့်၊ တိုင်တန်း အရေးယူလို့ရတယ်။ ကိုယ့်ရဲ့ ဒေါသအလျောက် ပြဿနာတခုခုကို မဖြေရှင်းဘဲ တရားဥပဒေနဲ့ပဲ ဖြေရှင်းဖို့လိုပါတယ်။ တရားဥပဒေ အမှန်တကယ်စိုးမိုးလို့ တရားဥပဒေအတိုင်းဖြေရှင်းလိုက်နိုင်တယ်ဆိုရင် ပြဿနာတွေက ကြီးထွားကျယ်ပြန့်လာမှာမဟုတ်ပါဘူး။ အခုလို အကြမ်းဖက်မှုတွေ မပေါ်လာနိုင်တော့ဘူး။

“အဲတော့ တရားဥပဒေစိုးမိုးရေးတခုတည်းနဲ့လည်း မလုံလောက်ဘဲ တရားဓမ္မစိုးမိုးရေးလည်း အရေးကြီးပါတယ်။ တရားဓမ္မရယ် တရားဥပဒေရယ် ဒီ ၂ မျိုး စိုးမိုးသွားပြီဆိုရင် ဦးဇင်းတို့လူ့အဖွဲ့အစည်းကလည်း အေးချမ်းသာယာပြီး ပျော်ရွှင်စရာကောင်းမယ်။”
“ဘာသာတခုနဲ့တခု တူတူ မတူတူ၊ ဘာသာဝင်ချင်းတူတူ မတူတူ ဘာသာဝင်တွေအားလုံးဟာ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲပြီး အေးအေးချမ်းချမ်း နေထိုင်သွားနိုင်မှာပါ။ ဖြစ်ခဲ့ပြီးသား အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့လည်း ရန်မီး အပူမီးတွေ မပွားအောင် နောက်ထပ် အကြမ်းဖက်မှုတွေလည်း မဖြစ်ပွားအောင် တရားဓမ္မစိုးမိုးရေးနဲ့ တရားဥပဒေစိုးမိုးရေး အရေးကြီးတယ်လို့ ဦးဇင်းပြောချင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013