DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဂယက်ကြောင့် လပွတ္တာက ကဏန်းလုပ်သားနှင့် မှီခိုသူ ၁ သိန်းကျော် ဒုက္ခရောက်နေ
DVB
·
March 29, 2020
ကိုရိုနာဂယက်ကြောင့် လပွတ္တာက ကဏန်းလုပ်သားနှင့် မှီခိုသူ ၁ သိန်းကျော် ဒုက္ခရောက်နေ
Donate to DVB

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့က ကဏန်းလုပ်သားတွေနဲ့ မှီခိုသူ ၁ သိန်းကျော်လောက် စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ ကဏန်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ကဏန်းလုပ်ငန်းက Export လုပ်ငန်းဖြစ်တာကြောင့် နယ်စပ်ဂိတ်တွေ ပိတ်လိုက်ပြီးနောက်ပိုင်း လစာပေးထိန်းတာတွေ မလုပ်နိုင်တော့လို့ လုပ်သားတွေနဲ့ မှီခိုတဲ့ မိသားစု အားလုံးစုစုပေါင်း ၁ သိန်းကျော်လောက် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ကြရတယ်လို့ ကဏန်းလုပ်ငန်းရှင် ဦးမြင့်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ကဏန်းလုပ်ငန်းဒိုင်ရှင်တဦးဖြစ်တဲ့ ဦးမြင့်ဦးက “နယ်စပ်ဂိတ်တွေ ပိတ်လိုက်တော့ လုပ်ငန်းတွေက ရပ်လို့ မပြောပေးမယ့် ရပ်တန့်သွားတာ၊ အရင်က တနေ့ ၇ ထောင် ၈ ထောင်ရတဲ့ လုပ်သားတွေက ခု ၂၀၀၀ လောက်ပဲရတော့ သူတို့မိသားစုအတွက် စားဝတ်နေရေး အဆင်မပြေတော့တာ၊ တောက ကဏန်းထောင်တဲ့သူတွေကလည်း မြို့ပေါ်က ကဏန်းဒိုင်းတွေက စျေးကောင်းပေးမဝယ်နိုင်တော့ သူတို့အတွက် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။

လပွတ္တာမြို့ပေါ်မှာရှိတဲ့ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်က လူဦးရေ ၇၀၀ လောက်က ကဏန်း လုပ်ငန်းကို လုပ်ကိုင်နေသူတွေ ဖြစ်သလို မြို့နယ်အတွင်းက တောရွာတွေမှာလည်း ကဏန်းလုပ် ငန်းကို လုပ်ကိုင်သူ မရှိသလောက်ရှားတာမို့ ကဏန်းဒိုင်တွေက စျေးကောင်းမပေးနိုင်တော့တဲ့ အခြေအနေမှာ ခုလို့ စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်လာတာပါ။

ကဏန်းလုပ်ငန်း စျေးကောင်းရရှိနေချိန်တုန်းက တောရွာများမှာ ၁၀ နှစ်သားကလေးလောက် ကအစ ကဏန်းထောင်တဲ့ လုပ်ငန်းကို လုပ်ကိုင်လို့ ရသလို ခုလို စျေးကောင်းမရတော့တဲ့ အချိန်မှာ အခြားရရာအလုပ်များ ဝင်လုပ်ချိန်မှာလည်း ရတဲ့ လုပ်ခငွေနည်းတာကြောင့် စားဝတ်နေရေး အဆင်မပြေတော့တာလို့ ကဏန်းလုပ်ငန်းလုပ်သား ကိုတိုးဝင်းက ပြောပါတယ်။

“ကျနော် ဒီလုပ်ငန်းကိုလုပ်လာတာ ၁၀ နှစ်လောက်ရှိပါပြီ၊ အရင်ကဆို ဒိုင် ၁ ဒိုင်မှာ လုပ်သား ၇ ယောက် ၈ ယောက်လောက်ကို ၁ လ ၁ သိန်းခွဲလောက် ပေးပြီးထားနိုင်တယ်။ ခုလုပ်ငန်းတွေ အဆင်မပြေတော့ အရင်က ၁ လ ၁ သိန်းခွဲပေးနိုင်တဲ့သူတွေကို ခု ဆန် ၁ လောက်ပဲ ထောက်ပံ့ပေးထားတာမျိုးတွေ ရှိတယ်၊ အခြားအလုပ်တွေကလည်း ရှာရတာ မလွယ်တော့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာတာပေါ့။” 

ကဏန်းလုပ်ငန်း ရောင်းအားကောင်းစဉ်အချိန်က လပွတ္တာမြို့ပေါ်မှာ ရှိတဲ့ ကဏန်းဒိုင် ၅၇ ဒိုင် လောက်မှာ လုပ်သား ၁၀၀၀ ကျော်လောက်ရှိပြီး ခုကဏန်းအဝယ်ရပ်တန့်သွားချိန်မှာ လုပ်သား ၈၀၀ လောက် အလုပ်နားသွားရတာမျိုးတွေရှိပြီး ဆိုင်ကယ်ရှိတဲ့သူ အများစုက ကယ်ရီဆွဲ၊ မရှိ တဲ့သူက အခြားအလုပ်လုပ်ကိုင်ပြီး ကဏန်းလုပ်ငန်း ပြန်ဖွင့်မယ့်အချိန်ကို စောင့်မျှော်နေကြတယ်လို့ ဂဏန်းလုပ်သားတွေက ပြောပါတယ်။

ကဏန်းလုပ်သား ကိုချစ်မင်းစံ “အရင်တုန်းကတော့ ဒိုင်တွေထုတ်ပေးထားတဲ့ ပိုက်ဆံလေးတွေနဲ့ ချွေတာပြီး စားနေလို့ရသေးတယ်၊ ခုလနဲချီကြာလာတော့ စားဝတ်နေရေး အခက်အခဲတွေ ရှိလာတော့ တခြားရတဲ့အလုပ်ကလေးတွေ လိုက်လုပ်နေရတော့ပါ၊ အကောင်းဆုံးတော့ အမြန်ဆုံး လုပ်ငန်းတွေ ပြန်အဆင်ပြေပါစေလို့ပဲ ဆုတောင်းနေတာပေါ့” လို့ ပြောပါတယ်။

လပွတ္တာမြို့ကို ဧရာဝတီတိုင်းအတွင်း ကဏန်းထွက်ရှိတဲ့ ချောင်းသာ၊ ငွေဆောင်နဲ့ ကဒုံ စတဲ့ နေရာတွေက ထွက်ရှိတဲ့ ကဏန်းတွေကို ပို့ဆောင်တာဖြစ်ပြီး လပွတ္တာမြို့ကတဆင့် မူဆယ် ဂိတ်ကိုဖြတ်ကာ တရုတ်နိုင်ငံကိုအဓိကတင်ပို့နေရကြတာပါ။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013