DVB Logo
Home
ဆောင်းပါး
အကြမ်းဖက်မှုတွေ မဖြစ်အောင် ဘယ်လို တားဆီး ကာကွယ်နိုင်မလဲ
DVB
·
March 28, 2013
အကြမ်းဖက်မှုတွေ မဖြစ်အောင် ဘယ်လို တားဆီး ကာကွယ်နိုင်မလဲ
Donate to DVB

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံမှာ အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်တခု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ မန္တလေးတိုင်း မိတ္တီလာမြို့မှာ ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကို အခြေခံတဲ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းပါ။ အကြမ်းဖက်မှု ဖြစ်ပွားပြီး ၂ ရက်လောက် အတွင်း မြို့တမြို့ထဲမှာကိုပဲ သေဆုံးသူ အယောက် ၄၀ ကျော်နဲ့ အိုးအိမ်စွန့်ထွက်ပြေးရသူ ၁ သောင်းကျော် ရှိခဲ့တယ် ဆိုတာကြည့်ရုံနဲ့ ဘယ်လောက် ကြီးမားပြင်းထန်တဲ့ အကြမ်းဖက်မှုလဲ ဆိုတာ ခန့်မှန်းနိုင်ကြမယ် ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီလိုအကြမ်းဖက်မှု ဘာကြောင့် ပေါ်ပေါက်လာရသလဲ ဆိုတဲ့ တရားခံရှာတာမျိုး မလုပ်ချင်တဲ့အတွက် ဒါမျိုး နောက်ထပ် မပေါ်ပေါက်အောင် ဘယ်လိုလုပ်ဖို့ လိုသလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားပါမယ်။

ပထမဦးဆုံး ဆွေးနွေးဖို့ လိုတာကတော့ ဒီလို ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံတဲ့ အကြမ်းဖက်မှုမျိုးဟာ ဘယ်လောက် ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းသလဲဆိုတာ နားလည်ဖို့ လိုပါတယ်။ လူသားတွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အတိဒုက္ခပေးတဲ့ဆီမှာ ကပ်ဘေးဆိုးတွေ၊ တိုက်ပွဲတွေ၊ စစ်ပွဲတွေနဲ့ သာမန် အကြမ်းဖက်မှုတွေထက် ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကို အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ ပိုပြီး ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီမှာ ဟစ်တလာ ဦးဆောင်တဲ့ ဂျာမန်စစ်တပ်က ဂျူးလူမျိုး ၇ သန်းလောက်ကို သတ်ဖြတ်ခဲ့တာ၊ ရ၀မ်ဒါမှာ ဟူတူနဲ့ တွတ်စီ လူမျိုးရေး အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားပြီး သန်းနဲ့ချီ သေဆုံးခဲ့တာ၊ ယူဂိုဆလပ်မှာ ဘာသာရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေကြောင့် လူအများအပြား သေပြီး တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာကွဲခဲ့တာတွေဟာ ဘာသာရေးနဲ့ လူမျိုးရေးမုန်းတီးမှုကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တာတွေ ဖြစ်ပါတယ်။

မိတ္တီလာ အကြမ်းဖက်မှုဖြစ်စဉ်မှာ သွားပြီး ကူညီဖို့ ကြိုးစားတဲ့ အန်အယ်လ်ဒီပါတီက အမတ် ဦးဝင်းထိန် ဆိုရင် သူတသက် ကြုံခဲ့ရသမျှ ၁၉၆၇ တရုတ်-ဗမာ အရေးအခင်း၊ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုမှုအရေးအခင်းကြီးတွေထက် အများကြီး ဆိုးတယ်လို့ ၀န်ခံပါတယ်။ အကြမ်းဖက်မှုကို ဖျောင်းဖျ တားဆီးဖို့ ကြိုးစားတဲ့အခါ သူ့ကိုပါ ရန်လုပ်တာကြောင့် ရက်ရက်စက်စက် သတ်ဖြတ်တာတွေကိုတောင် ဘာမှ မတတ်နိုင်ပဲ ရပ်ကြည့်နေရတယ်လို့ စိတ်မသက်မသာနဲ့ ဒီဗွီဘီ ကို ပြောပါတယ်။

နောက် အရေးကြီးတချက်က ဒီ အကြမ်းဖက်မှုတွေရဲ့ ကျယ်ပြန့်နိုင်မှု အတိုင်းအတာပါ။ အကြမ်းဖက်မှု ဖြစ်ပြီးတဲ့နောက် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ အန်အယ်လ်ဒီပါတီရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ပဋိပက္ခဆိုတာကို မကျယ်ပြန့်အောင် မကြာအောင် အားလုံးဝိုင်းလုပ်ရမယ်။ အားလုံးမှာ တာဝန်ရှိတယ်။ လူတွေက မိတ္ထီလာပဲကွက်မြင်တယ်။ ကျမက မိထ္ထီလာလို့ ကွက်မမြင်ဘူး။ တနိုင်ငံလုံးလို့ပဲ မြင်လိုက်တယ်။ ဒီကထွက်လာမယ့် မီးစလေးတွေက မီးလောင်တာ။ ဒါကြောင့် မိတ္ထီလာပဲလို့ ပြောလို့မရဘူး။” ဆိုပြီး သတိပေးခဲ့ပါတယ်။ နောက်ပိုင်း သူ သတိပေးသလို အခြားမြို့ငယ်တွေ ကူးစက်ခဲ့သလို ရန်ကုန်လို မြို့ကြီးမှာတောင် ရပ်ကွက်ထဲနေသူတွေ ကိုယ့်ရပ်ကွက် ကိုယ် လုံခြုံရေး ကင်းစောင့်ရတဲ့ အခြေအနေထိ အရုပ်ဆိုး အကျည်းတန်ခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုရဲ့ အတိုင်းအတာ ကြီးမားမှုနဲ့ ကျယ်ပြန့်မှုကို အဓိကအားဖြင့် နိုင်ငံကို စီမံအုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့က လေးလေးနက်နက် သိမြင်နားလည်ဖို့ လိုပါတယ်။ အကြောင်းကတော့ တကယ့်တကယ် အကြမ်းဖက်မှုတွေ ပြင်းထန်လာရင် အစိုးရတာဝန်ရှိသူတွေကလွဲရင် ဘယ်လူပုဂ္ဂိုလ်တွေကမှ ၀င်ရောက်ဖျန်ဖြေ ဖြေရှင်းလို့ မရတတ်လို့ပါပဲ။ ဒီအတွက် ဒီလို အကြမ်းဖက်မှုတွေ မဖြစ်ပွားခင် ကြိုတင်တားဆီး ကာကွယ်ရပါမယ်၊ ဖြစ်လာပြီဆိုရင် ချက်ချင်း ရပ်စဲသွားအောင်၊ ထပ်ပြီး မကျယ်ပြန့်အောင် ဥပဒေနဲ့ အညီ ပြတ်ပြတ်သားသား အရေးယူကိုင်တွယ်ရပါမယ်။ ဒါတင်မက ပြန်လည်တည်ငြိမ်သွားပြီ ဆိုရင်တောင် နှစ်ဖက် လူအုပ်စု ၂ ခုအကြား၊ ဘာသာ ၂ ခုအကြား ပြန်ပြီး ရင်ကြားစေ့လာအောင် အစီအစဉ်မျိုးစုံ ရေးဆွဲပြီး မတူတဲ့ ဘာသာဝင်တွေ၊ မတူတဲ့ လူမျိုးတွေ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေထိုင်နိုင်အောင် ကူညီပံ့ပိုး ဆောင်ရွက်ပေးရပါမယ်။ ဒါကတော့ အချိန်အများကြီးယူဖို့ လိုပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ အရုပ်ဆိုးအကျည်းတန်မှုကနေ ကောင်းတာတခုတော့ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ခု အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ၃ ယောက် တွေ့ဆုံညှိနှိုင်းပြီး အချက် ၆ ချက်ပါ အစိုးရသတင်းထုတ်ပြန်ချက် တရပ် ထုတ်ပြန်နိုင်ခဲ့ခြင်းပါ။ ထူးခြားတာက ရခိုင်ပြဿနာတုန်းက အစိုးရအဖွဲ့အနေနဲ့ စဉ်းစားခဲ့ခြင်းမရှိတဲ့ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရတဲ့ လူအဖွဲ့အစည်းတွေအကြား ယုံကြည်မှု ပြန်တည်ဆောက်ဖို့ စိတ်ခံစားချက်တွေ ကုစားဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ အကောင်အထည်ဖော်သွားမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ မြန်မာနိုင်ငံအနေနဲ့ မတူညီတဲ့ လူမျိုးတွေနဲ့ ဘာသာတွေအကြား အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်သွားကြမယ်လို့ အစိုးရက သဘောထား ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအတွက် အစိုးရက သတင်းထုတ်ပြန်ထားတဲ့ အချက် ၆ ချက်ကို မြန်မြန် သွက်သွက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013