DVB Logo
Home
မြန်မာသတင်း
တယ်လီဖုန်းဆင်းကတ်ကိစ္စ ဧပြီလဆန်း သတင်းထုတ်ပြန်မည်
DVB
·
March 27, 2013
Donate to DVB

မိုဘိုင်းဖုန်းဆင်းကတ်တွေကို ရောင်းချပေးမယ့် သတင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လာမယ့်သီတင်းပတ်အတွင်း ထုတ်ပြန်ပြောဆိုမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။

“ဧပြီလအတွင်းမှာ ရောင်းပေးဖို့တော့ လူကြီးတွေက ပြင်ဆင်နေတယ်။ ဘယ်ဈေးနှုန်းနဲ့ရောင်းမယ်၊ ဘယ်လိုပုံစံမျိုးနဲ့ရောင်းချသွားမယ်။ ဘယ်နေ့ဘယ်ရက် ရောင်းမယ်ဆိုတာ ကျနော်တို့ကို ညွှန်ကြားချက်မလာသေးဘူး။ ကျနော်တို့ ၀န်ကြီးကိုလည်းပဲ ဘာမှ မပြောသေးတဲ့အခါကျတော့ ကျနော်တို့လည်းပဲ ဘာမှ အတိအကျ ပြောလို့မရသေးဘူး။ ရှေ့တပတ်ထဲလောက်ဆိုရင်တော့ သိနိုင်ပါတယ်။

ဈေးနှုန်းနဲ့ပတ်သက်လို့လည်း ဦးဌေးဝင်းက “ဈေးနှုန်းကလည်း ကျနော်တို့ ထင်မြင်ချက်ပေးလို့ မရသေးဘူး။ ဘာလို့လည်းဆိုတော့ ဟို ၅ ထောင်တို့၊ ၂ ထောင်တို့ ပြောနေတယ်။ ကျနော်တို့ဆီကို တရားဝင် အကြောင်းမကြားသေးတော့ ကျနော်တို့ ပြောတာ မှားသွားမှာ ကြောက်တယ်လေ” လို့ ပြောပါတယ်။

ဆက်သွယ်ရေးအနေနဲ့ ပြည်သူတွေကို စဉ်ဆက်မပြတ် လိုသလောက် ရောင်းချပေးနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

“တယ်လီဖုန်းအများအပြားရောင်းချလို့ တယ်လီဖုန်းခေါ်ဆိုရ ခက်တာတွေ၊ လိုင်းကြပ်တာတွေ မဖြစ်အောင် ကျနော်တို့က လုပ်စရာတွေလည်း အများကြီး ရှိတယ်။ ဒီကြားထဲ ရောင်းနေတုန်းမှာလည်းပဲ အများကြီးတိုးချဲ့ဖို့ လုပ်ငန်းတွေ ဘာတွေလုပ်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်” လို့ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြပါတယ်။

ရန်ကုန်တိုင်းမ်ဂျာနယ်မှာ မတ် ၁၃ ရက်က ဖော်ပြတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းရဲ့ ပြောကြားချက်မှာ ဧပြီ ၁ ရက်နေ့မှာ ရောင်းချပေးမှာဖြစ်ကြောင်းနဲ့ ကျပ်ထောင်ဂဏန်းမျှနဲ့သာ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကို သိပေမယ့် ပြောခွင့်မရှိပါဘူးလို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက တယ်လီဖုန်းဆင်းကတ်တခုကို သိန်း ၃၀ လောက်ထိ ဈေးမြောက်ခဲ့ရာက မနှစ်နှစ်ဆန်းပိုင်းမှာ ကုမ္ပဏီတခုက ဆင်းကတ်တခုကို ကျပ် ၅ ထောင်နဲ့ ရောင်းပေးမယ်လို့ ရှင်းလင်းခဲ့တဲ့အတွက် လူထုအကြား အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပါတယ်။

ဒီနောက် သမ္မတဦးသိန်းစိန်က တန်ဖိုးနည်းဖုန်းတွေ အများပြည်သူသုံးစွဲနိုင်အောင် လုပ်ဖို့ ညွှန်ကြားခဲ့ပြီးတဲ့နောက် ကျပ် ၅ သိန်း ဈေးနှုန်းကနေ ဈေးကျလာတာပါ။

မနှစ်တုန်းက အစိုးရ၀န်ထမ်းတွေနဲ့ ကျေးလက်ပြည်သူတွေကို ဆင်းကတ်တခု  ကျပ် ၂ သိန်းကို အရစ်ကျပေးသွင်းတဲ့စနစ်နဲ့ ရောင်းပေးခဲ့ပါတယ်။

ဒီနှစ်ဇန်န၀ါရီလမှာတော့ တန်ဖိုးနည်းဖုန်းဆင်းကတ်တွေကို ကျပ်ငွေ ၁ သိန်းခွဲအောက် ဈေးနှုန်းနဲ့ ရောင်းချပေးတော့မယ်လို့ ကြေညာပြီးကာမှ ဆက်သွယ်ရေးက အရာရှိကြီးတွေကို သက်ဆိုင်ရာက ခေါ်ယူမေးမြန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် မရောင်းဖြစ်တော့ဘဲ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။

အခု တယ်လီဖုန်းဆင်းကတ်ဈေးတွေ ထောင်ဂဏန်းသာ ရှိတော့မယ်ဆိုတဲ့အတွက် လူတိုင်း တယ်လီဖုန်းဟန်းဆက်ရှိရင် ကိုင်နိုင်တဲ့ခေတ်ကို ရောက်နိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဆိုနီ၊ နိုကီရာ၊ ဆမ်ဆောင်းနဲ့ တရုတ်လုပ် ၀ါဝေးတွေ ရောင်းအားရှိပြီး ၀ါဝေးက လူသုံးများတယ်လို့ ဆိုပါတယ်။
အစိုးရသစ်မတက်ခင် ၂၀၁၁ ခုနှစ် မတ်လအထိ အော်တို-မိုဘိုင်း လိုင်းအင်အား နှစ်ဆယ့်နှစ်သိန်း သုံးသောင်း သုံးထောင် လေးရာ ငါးဆယ့်လေး လိုင်းကနေ အစိုးရသစ်တက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ အော်တို-မိုဘိုင်း လိုင်းအင်အား ငါးဆယ့်ခုနှစ်သိန်း ခုနှစ်သောင်း တစ်ထောင် နှစ်ရာ ခြောက်ဆယ့်နှစ် လိုင်းထိ တိုးချဲ့တပ်ဆင်နိုင်ခဲ့တယ်လို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013