DVB Logo
Home
မေးမြန်းခန်း
ဦးတည်ချက်မပျောက်အောင် သတိကြီးကြီးထားပြီး ၀ိုင်းလုပ်ဖို့လိုတယ် – ဦးကိုကိုကြီး
DVB
·
March 27, 2013
ဦးတည်ချက်မပျောက်အောင် သတိကြီးကြီးထားပြီး ၀ိုင်းလုပ်ဖို့လိုတယ် – ဦးကိုကိုကြီး
Donate to DVB

၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အချက် ၇ ချက်ပါ သဘောထားကြေညာချက်တခု ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်ထဲမှာ ဒေသအသီးသီးမှာရှိတဲ့ ဘာသာရေး၊ လူမှုရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ စုစည်းပြီး ပဋိပက္ခကြိုတင်တားဆီးရေး ပြင်ဆင်ထားကြဖို့၊ အစိုးရတာဝန်ရှိသူတွေ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

၈၈ တွေရဲ့ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကြေညာချက်ထဲမှာပါတဲ့ ပဋိပက္ခကြိုတင်တားဆီးရေး ပြင်ဆင်ထားကြဖို့၊ ဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်ဆိုတာ ဘယ်လိုကြိုတင်ကာကွယ်ကြဖို့ ဆိုလိုတာပါလဲ။

“သက်ဆိုင်ရာဒေသမှာ နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးနေလာကြပြီးသားသူတွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့၊ အရေးပေါ်ပြဿနာကို ညှိနှိုင်းဖြေရှင်းနိုင်မယ့် အစုအဖွဲ့လေးတွေ စုစည်းထားကြဖို့ တိုက်တွန်းတာပါ။ တချို့မြို့နယ်တွေမှာ ဖွဲ့စည်းထားပြီးသားတောင် ရှိနေပါပြီ။ အခု ကြံခင်းမှာလည်း ပဋိပက္ခကြိုတင်တားဆီးရေးအဖွဲ့လေး ဖွဲ့ဖို့ တိုက်တွန်းထားပါတယ်။”

မြို့အသီးသီးမှာရှိနေတဲ့ ၈၈ ပွင့်လင်းအဖွဲ့တွေကရော အဲ့အဖွဲ့အသီးသီးမှာ လုပ်နေကြပြီလား။

“တရားဝင်ကြေညာချက်က ခုမှထုတ်တာပေါ့။ နယ်တွေအားလုံးကိုလည်း ကျနော်တို့ပြောတာက ဒါဟာလုပ်သင့်တယ်လို့ တိုက်တွန်းထားလို့ သူတို့ ဆက်လက်ဆောင်ရွက်ကြပါမယ်။”

အခု အသံကြားနေရတဲ့ ပဲခူးတိုင်း(အနောက်ပိုင်း)တို့မှာဆိုရင်ရော ၈၈ အနေနဲ့ ဘာတွေဆောင်ရွက်ထားတာရှိပါလဲ။

“အမျိုးသမီးတွေကွန်ရက် စုထားတဲ့အဖွဲ့အနေနဲ့ ဒုက္ခရောက်သူတွေကို သွားကူညီဖို့ ပြင်ဆင်နေတာရှိပါတယ်။ မိတ္ထီလာမှာဆိုရင် မင်းကိုနိုင်တို့လည်းသွားတယ်။ တခြား လူငယ်အဖွဲ့တွေလည်းသွားကြတယ်။”

ကုလသံတမန် မစ္စတာ ဗီဂျေးနမ်ဘီယားက မြန်မာပြည်ကအပြန် ထိုင်းမှာပြောသွားတာက မြန်မာပြည်မှာဖြစ်နေတဲ့ကိစ္စဟာ လူတစုက အကွက်ကျကျနဲ့ကို သေချာစီမံလုပ်နေတယ်လို့ ပြောသွားတယ်။ အဲဝေဖန်ချက်အပေါ်မှာရော ဦးကိုကိုကြီးတို့ ဘာပြောစရာရှိပါမလဲ။

“သံသယဖြစ်စရာတွေကတော့ အများကြီးပါ။ ကားတွေ၊ အသံချဲ့စက်တွေနဲ့ လှည့်အော်သွားတာ၊ လူစုလူဝေးနဲ့ မြို့ခံမဟုတ်တဲ့လူတွေဝင်လာပြီး ဖျက်ဆီးသွားတာတွေ၊ ဒီလူအုပ်က နောက် ဘယ်မြို့ကိုသွားမယ်ဆိုပြီး ပြောပြီးတော့ကို လုပ်နေတာတွေဟာ ကျနော့်အမြင်ပြောရရင် ကြိုတင်တားဆီးနိုင်တယ်လို့ထင်တယ်။ ကျနော်တို့ ကိုယ်တိုင် နိုင်ငံရေးဆန္ဒပြမှုတွေလုပ်တုန်းကဆို ချက်ချင်း ထိန်းသိမ်းတယ်။ ဖမ်းဆီးတာတွေလုပ်နိုင်ရင် အခုကိစ္စမျိုးမှာ လုပ်ပိုင်ခွင့်သာအပြည့်အ၀ရရင် သက်ဆိုင်ရာဒေသလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။”

မိတ္ထီလာကစပြီး ဖြစ်လာတာတွေမှာ တချို့ဝေဖန်သုံးသပ်တာတွေက အစိုးရကနောက်ကြောင်းပြန်လှည့်ဖို့လုပ်တာတော့ မဖြစ်နိုင်ဘူး။ အစိုးရကို မလိုလားတဲ့ အာဏာရှင်တစုကလုပ်နေတယ်ဆိုတာမျိုး ဝေဖန်တာတွေ ရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ချင်ပါလဲ။

“ကျနော်တို့ကိုယ်တိုင်ကြုံရတာတွေပြောရရင် စွမ်းအားရှင်ဆိုတဲ့အုပ်စုက ကားတွေနဲ့ လုပ်နေတာကြုံဖူးတယ်။ အထင်ရှားဆုံးနောက်တခုက ဒီပဲယင်းကိစ္စမှာ ဒီလိုပဲ ဒိုင်နာတွေ ကားတွေနဲ့ ပေါ်လာပြီး အကြမ်းဖက်လုပ်တာတွေ ကြုံဖူးတယ်။ အဲလို လက်ရဲဇက်ရဲလုပ်တာတွေကို ထိထိရောက်ရောက် တာဝန်မယူနိုင်ဘူးဆိုရင်တော့ ဒါဟာ ယုံကြည်မှုပျက်ပြားသွားစေနိုင်တဲ့ အခြေအနေတွေ ဦးတည်သွားမယ်လို့ ထင်တယ်။”

ဒါက အာဏာပိုင်တွေအပိုင်းပေါ့။ ပြည်သူလူထုတွေအနေနဲ့ရော အခုလို အထိတ်တလန့်ဖြစ်ရပ်တွေ၊ သွေးထိုးလှုံ့ဆော်နေတာတွေ ကြားနေရတော့ သာမန်ပြည်သူတွေအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ်လို့ မြင်ပါလဲ။

“ဒီလိုရက်ရက်စက်စက်လုပ်တာကို ဘယ်ဘာသာရေးကမှ ခွင့်မပြုပါဘူး။ ဘာသာရေးကို တကယ်ယုံကြည်လေးစားတဲ့ပုဂ္ဂိုလ်တွေဆို ဒီလိုကိစ္စတွေကို အတတ်နိုင်ဆုံး စိတ်ခံစားမှုတွေကို ချုပ်ထိန်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းကြဖို့၊ ဒေသခံပြည်သူတွေအချင်းချင်းကြားမှာလည်း ပုံမှန်အခြေအနေရောက်အောင် ၀ိုင်းပြီးကြိုးစားပေးကြဖို့ ပြောချင်ပါတယ်။

လတ်တလောဖြစ်နေတဲ့ အဓိကရုဏ်းဆန်ဆန်ဖြစ်နေတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့အစည်းရဲ့ သဘောထားကို ဖြည့်စွက်ပြောပြပေးပါ။

“အဓိက နိုင်ငံရဲ့ အကူးအပြောင်းကာလက အင်မတန်သိမ်မွေ့ပါတယ်။ ကျနော်တို့ရဲ့ အဓိက ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဦးတည်ချက်တွေဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတဲ့ ဦးတည်ချက်တွေကို ပျောက်မသွားအောင် ကျနော်တို့အားလုံးက သတိကြီးကြီးနဲ့ ၀ိုင်းပြီးတော့ ဆောင်ရွက်ကြရလိမ့်မယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွင့်လင်းလာတဲ့ အခြေအနေလေးကိုယ်နှိုက်က နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ရတာ။ အဲဒီအခြေအနေလေး မပျက်ပြားသွားအောင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းလာအောင် ကျနော်တို့ ၀ိုင်းပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်တယ်။”

ဘယ်လောက်အထိကို သတိကြီးကြီးထားဖို့ လိုမလဲ။

“အဓိက ဦးတည်ချက်မပျောက်ဖို့ပါ။ ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်တွေကို ပျောက်သွားစေနိုင်တဲ့ ထောင်ချောက်တွေဟာ နေရာအနှံ့မှာ ရှိပါတယ်။ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့အတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေ ကြိုးစားတဲ့နေရာမှာလည်း ကိစ္စတခုချင်းစီမှာ တိကျတဲ့ ဦးတည်ချက်တွေ ရှိဖို့လိုတယ်။ တခါတလေ ကိုယ်မမျှော်လင့်တဲ့၊ ကိုယ်မလိုလားတဲ့ ရလဒ်တွေ ထွက်လာတာကိုလည်း ကျနော်တို့အနေနဲ့ သတိထားဖို့ လိုမယ်လို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013