DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးများ ဖမ်းမိပြီးနောက် တရားဝင်စီးပွားရေးလုပ်ရန် ကောင်းခါးပြည်သူ့စစ်အဖွဲ့ လက်နက်အပ်
DVB
·
March 28, 2020
မူးယစ်ဆေးများ ဖမ်းမိပြီးနောက် တရားဝင်စီးပွားရေးလုပ်ရန် ကောင်းခါးပြည်သူ့စစ်အဖွဲ့ လက်နက်အပ်
Donate to DVB

ငွေကျပ် ၃၄၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပြီးနောက်မှာ ကုမ္ပဏီထောင်တာ အပါအဝင် တရားဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့က  လက်နက်တွေ အပ်နှံလိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

ကောင်းခါးပြည်သူ့စစ်(ဌာနေ) အနီးတဝိုက်ဒေသတွေမှာ တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြား သုံးကြိမ်တိုင်တိုင် ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းရမိတဲ့ဖြစ်စဉ်တွေမှာ ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့က တာဝန်ရှိသူတချို့ ပတ်သက်ဆက်စပ်နေတယ်လို့လည်း မတ်လ ၂၇ ရက် တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ခံ ခေါင်းဆောင်အသီးသီးရဲ့ တာဝန်ယူမှု၊ ရေရှည်အေးချမ်း တည်ငြိမ်စွာနဲ့ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဝင် စီးပွားရေးလုပ်ငန်းတို့နဲ့သာ ရပ်တည်လိုမှု စတဲ့ စိတ်ဆန္ဒတွေကြောင့် နေရာအလိုက် တာဝန်ခံတွေ အားလုံး ဆွေးနွေးတိုင်ပင်ကာ တပ်မတော် တာဝန်ရှိသူတွေကို ဆက်သွယ်ညှိနှိုင်းပြီး လက်နက်၊ ခဲယမ်းတွေကို မတ်လ၂၄ ရက်မှ ၂၆ ရက်နေ့အထိ တပ်မတော်ထံ အပြီးတိုင် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်နေတဲ့ ကောင်းခါးပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတွေဆိုတာ ဘယ်သူတွေ ဆိုတာကို တပ်မတော်သတင်းမှာ ဖော်ပြခြင်းမရှိသလို လက်နက်အပ်နှံခဲ့တဲ့ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်အပါအဝင်  လက်နက်ခဲယမ်းတွေရဲ့ ပမာဏကိုလည်း ဖော်ပြခြင်းမရှိပါဘူး။ 

ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့အနေနဲ့ သာမန်အရပ်သားအနေဖြင့်သာ ရေရှည်တရားဝင် စီးပွားရေးလုပ်ငန်းတွေအဖြစ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ အမြန်ဆုံး ထူထောင်လုပ်ကိုင် ဆောင်ရွက်လိုတဲ့အပြင် ကုမ္ပဏီတွေနဲ့ နိုင်ငံတော်မှ ခွင့်ပြုတဲ့ တရားဝင်စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့လည်း မိသားစုတွေ စားသုံးနိုင်ဖို့ လစဉ်လိုအပ်တဲ့ ဆန် ၅၅ဝ အိတ်၊ ဆီ ၅ ပေပါ၊ ကုလားပဲ ၅ဝ အိတ် ထောက်ပံ့ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေအတွက် အရင်းအနှီးတွေ တောင်းခံလာပါက အတိုးမဲ့ချေးပေးဖို့ စီမံထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ ကောင်းခါးပြည်သူ့စစ်(ဌာနေ)ဝန်းကျင်မှာ ငွေကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော်ခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းတွေ လက်နက်၊ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မတ်လ ၆ ရက်နေ့က ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက သတင်းထောက်တွေနဲ့ စစ်သံမှူးတွေက တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ သွားရောက်သတင်းရယူခဲ့ကြရာမှာ ပြည်ပစစ်သံမှူးတွေလိုက်ပါလာတဲ့ ရဟတ်ယာဉ်တစီး စက်ချို့ယွင်း ပျက်ကျခဲ့လို့  ရဟတ်ယာဉ်မှူး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၅) ရှိ  ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA) တပ်ဖွဲ့ကို  ၂ဝဝ၉ စက်တင်ဘာ ၂၉ ရက်နေ့မှာ ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့အဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရက တရားဝင် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ 

ဦးမထုနော် ဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)  တပ်မဟာ (၄) နဲ့ လက်အောက်ခံ တပ်ရင်းတချို့က ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှာ ကေအိုင်အေကနေ ခွဲထွက်ပြီး န.ဝ.တ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013