DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စခန်း မီးလောင်မှု သံသယရှိဟုဆို
DVB
·
March 27, 2013
ဒုက္ခသည်စခန်း မီးလောင်မှု သံသယရှိဟုဆို
Donate to DVB

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ခွန်ရုံးမြို့နယ်အတွင်းက အမှတ် ၂ ကရင်နီ ဒုက္ခသည်စခန်းမှာ လောင်ကျွမ်းခဲ့တဲ့ မီးဟာ မတော်တဆဖြစ်ရပ်ကြောင့် လောင်ကျွမ်းခဲ့တာ မဟုတ်ဘဲ သံသယရှိတယ်လို့ ကရင်နီဒုက္ခသည် စခန်းကော်မတီ ဥက္ကဋ္ဌ နော်ရှယ်လီသန်းက ပြောပါတယ်။

“ပြောရတော့ခက်တယ်။ ကျမအနေနဲ့ ရိုးရိုးမီးလောင်မှုလို့ပဲပြောချင်တယ်။ ဒါပေမယ့် လူထုတွေရဲ့ပြောဆိုချက်အရ နည်းနည်းတော့ သံသယဖြစ်ချင်တဲ့ အနေအထားတော့ရှိပါတယ်။ နေရာက တနေရာနဲ့တနေရာ ခုန်ကူးတာတို့၊ သီးသန့်တဲလေး ၂ လုံးက စခန်းနဲ့ဘာမှမဆိုင်ဘဲ မီးလောင်သွားတာ။ ဒါတွေက နည်းနည်းတော့ စဉ်းစားစရာဖြစ်တာပေါ့။”

မီးမလောင်ခင်တုန်းက ဒုက္ခသည်စခန်းပေါ်မှာ ရဟတ်ယာဉ်တစင်း ပျံသန်းခဲ့ပြီး အဲဒီ ရဟတ်ယာဉ်ပေါ်ကနေ မီးလောင်ကျွမ်းစေတဲ့ အရာတွေ ကျလာတာကို မြင်တွေ့တဲ့သူတွေ ရှိနေတာကြောင့် အခုလို သံသယဖြစ်နေကြတာပါ။

ဒါအပြင် ဒီမီးလောင်တဲ့ဖြစ်ရပ်ဟာ မတော်တဆမှုကြောင့် ဖြစ်တာမဟုတ်ဘူးလို့ မယ်ဟောင်ဆောင်ခရိုင် ခွန်ရုံး မြို့နယ် ရဲမှူးကြီး နစ်တင်နပ် ၀စ်တေးယောဝပ်သီကူလ်း (Nitinart Wittayawuthikul) ပြောကြားချက်ကို ကိုးကားပြီးတော့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပိုစ့်သတင်းစာက ရေးပါတယ်။

မီးလောင်တဲ့ဖြစ်ရပ်အပေါ် ကိုင်တွယ် ဖြေရှင်းမှုနဲ့ ပတ်သက်ပြီးတော့ လက်ရှိ ခွန်ရုံး မြို့နယ် ရဲမှူးကြီး နေရာနဲ့ မီးလောင်မှု စုံစမ်းရေးအဖွဲ့ကနေ ၀စ်တေးယောဝပ်သီကူလ်းကို ဖယ်ရှားခဲ့တာလို့လည်း  သတင်းက ဆိုပါတယ်။ မီးလောင်တာကို မတော်တဆမှုဖြစ်တယ်လို့ အတည်ပြု ပြောဆိုဖို့ ငြင်းဆန်ခဲ့လို့ အခုလို ပြောင်းရွှေ့ခံရတာလို့ ယူဆတဲ့အကြောင်းလည်း ရဲမှူးကြီးက ပြောပါတယ်။

ဒါပေမယ့် ခွန်ရုံး ရဲစခန်းကတော့ ရဲမှူးကြီးရဲ့အပြောင်းအရွှေ့ကို သိရှိရခြင်း မရှိသေးသလို တခြား ကိစ္စရပ်ကြောင့် ဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ အခုလို ပြောပါတယ်။

“လောလောဆယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စခန်းထဲဝင် စစ်ဆေးနေတုန်းပဲမို့ မီးလောင်ရခြင်းအကြောင်းကို မသိရသေးပါဘူး။ မျက်မြင်သက်သေတွေကိုလည်း မေးရဦးမယ်ခင်ဗျ။ စုံစမ်းရေးအဖွဲ့ရဲ့အစီရင်ခံစာ တက်လာမှ သိရမှာ ဖြစ်ပါတယ်။ ရဲမှူးကြီး ပြောင်းရတဲ့အကြောင်းရင်းလည်း ကျနော်တို့ မသိရပါဘူး။ တခြားကိစ္စတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူလည်း ဘယ်မှမသွားသေးပါဘူး။ ဒီမြို့ထဲမှာပဲ ရှိနေသေးတယ်။”

မီးဘေး ဒုက္ခသည်တွေအတွက် ကယားပြည်နယ် အစိုးရကလည်း မြန်မာငွေကျပ် သိန်း

၁၀၀၊ ဆန်အိတ် ၅၀၀နဲ့ ပြည်သူလူထုက လှူဒါန်းမှုတွေကို လုပ်ဆောင်နေတယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ရေးပါတယ်။

မီးကြောင့် ကရင်နဲ့ ကရင်နီဒုက္ခသည် ၃၇ ဦး သေဆုံးခဲ့ပြီးတော့ ၁၀၀ လောက် ဒဏ်ရာရရှိခဲ့ပြီးတော့ လူဦးရေ ၂၃၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ စခန်းမှာ ဒုက္ခသည် ၃ ထောင်လောက် ခိုလှုံနေပါတယ်။

မြန်မာနိုင်ငံ ကယားပြည်နယ် ဖားဆောင်းက ဒုက္ခသည်တွေ အများစု ခိုလှုံနေတယ်လို့ ဆိုပါတယ်။ မြန်မာ အစိုးရကလည်း မြန်မာနိုင်ငံကို ပြန်လည်အခြေချနေထိုင်လိုတဲ့ ဒီဒုက္ခသည်တွေကို အိမ်ထောင်စုစာရင်းတွေ လုပ်ဆောင် ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013