DVB Logo
Home
မြန်မာသတင်း
တပ်မတော်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
DVB
·
March 27, 2013
တပ်မတော်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
Donate to DVB

ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တပ်မတော်နေ့အခမ်းအနား တက်ရောက်ဖြစ်ပုံကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက အခုလိုပြောပါတယ်။

[caption id="attachment_37874" align="alignleft" width="300" caption="(ဓာတ်ပုံ- မြ၀တီ)"][/caption]

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ဖိတ်တာပါ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလည်းဖြစ်တယ်၊ နောက် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌတယောက်အနေနဲ့ ဒါတွေပါမှာပါ။ ပြည်သူချစ်တဲ့တပ်မတော်ဖြစ်အောင် ဆောင်ရွက်နေတဲ့ အနေအထားကို အားပေးတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။”

တပ်မတော်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတက်ရောက်တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကတဦးဖြစ်တဲ့ ဦးတင်ဦးက သူ့အမြင်ကို ခုလိုပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နေ့ရယ်လို့ တက်တာမဟုတ်ပါဘူး။ ဟိုမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို ဖိတ်ကြားလို့တက်တဲ့သဘောပါပဲ။ ဖိတ်ကြားချက်ကြောင့် တက်ရာမှာ ပြောသွားတဲ့အထဲမှာ အရင်ဘယ်တုန်းကမှမပြောဘူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တပ်မတော်ရဲ့ လွတ်လပ်ရေးဗိသုကာအဖြစ်၊ တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး ဆိုတာမျိုး ထည့်ပြောသွားတာ ဒါပထမဆုံးအကြိမ်ပဲလေ။ ဒါတော့ ထူးထူးဆန်းဆန်းကြားရတာပေါ့။ ခါတိုင်း ဒီလိုပြောတာမရှိဘူးလေ။ အဖွဲ့ချုပ် အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကတော့ အတူတူပါပဲ။ ဒီနေ့ဟာ ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ တပ်မတော်နေ့မဟုတ်ပါဘူး။ သူဟိုမှာရှိနေတုန်း ဖိတ်ကြားလို့ တက်တဲ့သဘောဖြစ်ချင်ဖြစ်မယ်။ သူ့ရဲ့သဘောထား အမှန်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ပါပဲ။”

ဒီနေ့ အခမ်းအနား တက်ရောက်ခဲ့သူတဦးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကလည်း သူ့အမြင်ကို ခုလို ပြောပါတယ်။

“သူအခမ်းအနားကိုတက်လာတာ အင်မတန်ဝမ်းသာစရာကောင်းပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားတချို့ကိုသုံးပြီး မိန့်ခွန်းထဲထည့်ပြောသွားတယ်။ ဒါဟာ သိပ်တန်ဖိုးရှိတဲ့ အချိန်လေးပဲ။ ကျနော်က ပီတိဖြစ်တယ်။”

တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားသူတဦးအနေနဲ့ စစ်ရေးပြ အခမ်းအနား တက်ရောက်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ကိုဇင်ဝိုင်းကလည်း သူတွေ့မြင် ခံစားခဲ့ရပုံကို အခုလို ပြန်ပြောင်း ပြောပြပါတယ်။

“ဒီနေ့ ဒေါ်စုတက်လာတဲ့အခါ တပ်မတော်အရာရှိတွေနဲ့လည်း ရင်းရင်းနှီးနှီး၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း ရင်းရင်းနှီးနှီး။ နောက် စစ်ဦးစီးချုပ်ပြောတဲ့မိန့်ခွန်းကလည်း အရင်နှစ်ပြောတဲ့မိန့်ခွန်းနဲ့မတူဘူး။ ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍကို သခင်အောင်ဆန်းရဲ့ဘ၀ကနေ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအထိ တကယ့်ကို အကျယ်တ၀င့် လေးလေး နက်နက်ထားပြောသွားတာ။ ဘေးက ကြားရတဲ့သူလည်း ကြည်နူးတယ်။ မြင်ရတာလည်း ကြည်နူးတယ်။ တပ်မတော်လေက တိုက်လေယာဉ်တွေက ပျံသန်းဂုဏ်ပြုတဲ့အခါမှာလည်း တကယ်လက်ခုပ်လက်ဝါးတီးပြီး လှိုက်လှိုက်လှဲလှဲအားပေးတာ။ ကျနော့်ရင်ထဲတမျိုးကြီး။ ကျနော်တို့ နိုင်ငံသားတွေမှာလည်း ကိုးကွယ်ရာမဲ့သလို အားငယ်လှပါပြီ။ အခုထိကို ကျနော်တို့မျိုးဆက်တွေရဲ့ အနာဂတ်ဟာလည်း မှောင်ရီဝိုးတ၀ါးဖြစ်နေပါပြီ။ ဒီခေါင်းဆောင်ကြီးတွေဟာ နိုင်ငံကို တကယ်ချစ်ကြတာ ယုံပါတယ်။ ဆင်ခြင်တုံတရားကြီးကြီးနဲ့ တိုင်းပြည်ကိုဦးဆောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်တာပါ။”

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ညပိုင်းမှာ ပြုလုပ်မယ့် တပ်မတော်နေ့ ညစာစားပွဲအခမ်းအနားကိုလည်း တက်ရောက်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013