DVB Logo
Home
သုံးသပျခကျြ
ရွှေကျင်ဆရာတော်ဘုရားကြီး ငြိမ်းချမ်းရေး မိန့်ကြား
DVB
·
March 26, 2013
ရွှေကျင်ဆရာတော်ဘုရားကြီး ငြိမ်းချမ်းရေး မိန့်ကြား
1 / 3
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ကစပြီး အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အစိုးရက အရေးပေါ်ကြေညာပြီး အခြေအနေတွေကို ထိန်းသိမ်းခဲ့ရပါတယ်။ ဒီနောက် အကြမ်းဖက်မှုလုပ်ရပ် လှုံ့ဆော်မှုတွေ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်နဲ့  တာမွေမြို့နယ် မအူကုန်း ရပ်ကွက်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ Townace ကား ၁ စီးနဲ့ ဂျစ်ကား ၁ စီးပေါ်က လူတစုဟာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်ဖို့ လိုက်လံလှုံ့ဆော် အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အိုးသည်ကုန်းမြို့နယ်မှာလည်း မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြသလို ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့တွေမှာလည်း ဗလီ၊ နေအိမ်တွေနဲ့ ဈေဆိုင်တွေ မနေ့ညက အကြမ်းဖက်မီးရှို့ ဖျက်ဆီးခဲ့ခဲ့ရပါတယ်။

ဒီအကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရွှေကျင်ဆရာတော်ဘုရားကြီး၊ အရှင်ပဏ္ဍဝံသနဲ့ မဂ္ဂင်ဆရာတော် ဦးဣန္ဒက တို့ကတော့ ငြိမ်းချမ်းရေး ရှေးရှုလုပ်ဆောင်ကြဖို့ မိန့်ကြားပါတယ်။

ရွှေကျင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဃိယ

“ဆရာကြီး ဦးရာဇတ်နဲ့ဗိုလ်ချုပ်အောင်ဆန်းကို ငဲ့ပါ။ သူတို့ ၂ ယောက်ရဲ့ ၀ါဒအတူတူ၊ သဘောထားချင်းတူတာတွေ ပြောမယ်။ နံပါတ် ၁) ငါတို့ဟာ မြန်မာပြည်မှာ မွေးဖွားတယ်။ နံပါတ် ၂) ငါတို့ဟာ မြန်မာထမင်းအာဟာရ စားသုံးတယ်။ နံပါတ် ၃) ငါတို့ဟာ မြန်မာပြည်မှာ ကျောင်းနေတယ်။ နံပါတ် ၄) ငါတို့ဟာ မြန်မာပြည်မှာ ပညာသင်တယ်။ နံပါတ် ၅) ငါတို့ဟာ မြန်မာပြည် လွတ်လပ်ရေးရဖို့က တို့တာဝန် ဆိုပြီး သဘောတူပြီး လုပ်လာခဲ့ကြတယ်။ ဆရာကြီး ဦးရာဇတ်က မိတ္ထီလာမှာမွေးတယ်၊ ဗိုလ်ချုပ်အောင်ဆန်းက နတ်မောက်မှာ မွေးတယ်။ မင်းက ဘယ်ဘာသာ၊ ငါက ဘယ်ဘာသာဆိုပြီး နှီးနှောပြောဆိုတာ မရှိဘူး။ မြန်မာပြည် ချမ်းသာဖို့၊ လွတ်လပ်ရေးရဖို့ သူတို့ လုပ်ခဲ့ကြတယ်။ ဒါကြောင့် လွတ်လပ်ရေးရတာ။ သူတို့နှစ်ယောက်မှာ ဦးရာဇတ်က မွတ်စလင်၊ ဗိုလ်ချုပ်အောင်ဆန်းက ဗုဒ္ဓဘာသာ။ ဘာသာနဲ့ ပတ်သက်ပြီး ပြောရိုးထုံးစံမရှိဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ကြတယ်။ အခုလည်း လွတ်လပ်ရေးရကြပြီ။ ဒီအတိုင်းသာ တယောက်နဲ့တယောက် မခန့်လေးစားဖြစ်ပြီးတော့ သတ်ဖြတ်ပုတ်ခတ်နေကြရင် လွတ်လပ်ရေးက ပြန်ဆုံးရှုံးသွားလိမ့်မယ်။ ဆရာတော်အနေနဲ့ စိုးရိမ်တယ်။ လွတ်လပ်ရေး မဆုံးရှုံးအောင်၊ လွတ်လပ်ရေး တည်တံ့ခိုင်မြဲအောင် နေကြထိုင်ကြပါ။ လွတ်လပ်ရေးဗိသုကာ မွတ်စလင် ဆရာကြီး ဦးရာဇတ်နဲ့ လွတ်လပ်ရေးဗိသုကာ ဗုဒ္ဓဘာသာ ဗိုလ်ချုပ်အောင်ဆန်းကိုငဲ့ပြီး ရပ်တန်းက ရပ်ကြပါ။ ဒေါသတွေ ဖြေကြပါ။ ရှေ့ရေးအတွက် တိုင်းပြည်အတွက် စိုးရိမ်ပြီး ပြောတာပါ။”

အရှင်ပဏ္ဍဝံသ (ဦးပြည်ကျော်)

“ဘာသာဝင်တွေအားလုံး၊ ဗုဒ္ဓဘာသာ ပရိသတ်တွေကိုရော၊ ရဟန်းတွေကိုရော ပြောချင်တာက ဗြဟ္မစိုရ်တရား ၄ ပါးနဲ့အညီ နေထိုင်မယ်ဆိုရင် ငြိမ်းချမ်းမှုတရားရမယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အချိန်ကာလကိုလိုက်ပြီးတော့ မှန်ပင်မှန်ငြားသော်လည်း အခုအချိန်မှာ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်တဲ့စကားတွေ၊ ဆန့်ကျင်တဲ့ သဘောထားတွေ၊ ဆန့်ကျင်တဲ့အမြင်တွေ မပြောမိဖို့၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်မိဖို့၊ မကျူးလွန်မိဖို့။ ဒီလိုစကားတွေကြားခဲ့ရင်လည်း ကိုယ်က ဖျောင်းဖျပြီးတော့ ငြိမ်းချမ်းရေးစကားလေးတွေနဲ့ တယောက်၊ တယောက် သယ်ယူပြောကြားပေးဖို့လိုတယ်။ တယောက်ယောက်က လှုံ့ဆော်လိုက်လို့ ဖွလိုက်ရင်လည်း ကာလာမသုတ်ထဲကလိုပေါ့ ကိုယ်တိုင်မြင်တာလည်းမဟုတ်ဘဲ တွေးထားတာနဲ့ပဲဟာ ဟုတ်ပြီဆိုပြီး အမှန်ပဲလို့ပြောလို့မရဘူး။ ကာလာမသုတ်နဲ့အညီ ဗုဒ္ဓဘာသာဝင်တွေအားလုံး လိုက်နာကျင့်သုံးနေထိုင်ကြပါလို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။”

မဂ္ဂင်ဆရာတော် ဦးဣန္ဒက
“တို့မြန်မာနိုင်ငံမှာ အယူဝါဒ ပေါင်းစုံရှိတယ်၊ လူမျိုးပေါင်းစုံရှိတယ်၊ ယုံကြည်မှုပေါင်းစုရှိတယ်။ သူတပါးရဲ့အယူဝါဒ၊ သူတပါးရဲ့ ယုံကြည်မှုကို တခြားပုဂ္ဂိုလ်တွေအနေနနဲ့လည်း ယုံကြည်လေးစားရမယ်။ လေးလေးစားစားလည်း သူတို့ကို ဆက်ဆံရမယ်။ သို့မှသာ အပြန်အလှန် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေထိုင်လို့ရမယ်။ အဲလိုမဟုတ်ဘဲ သူတပါးရဲ့ အယူဝါဒ၊ သူတပါးရဲ့ ယုံကြည်မှုကို အပုပ်ချမယ်၊ ဖျက်ဆီးမယ်၊ နှောင့်ယှက်မယ်ဆိုရင် အပုပ်ချတဲ့သူ၊ ဖျက်ဆီးသူ၊ နှောင့်ယှက်သူသာလျှင် ရေရှည်မှာ ကျဆုံးတတ်ပါတယ်။ အဲတော့ မြန်မာနိုင်ငံမှာ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်တဲ့အခါမှာ တဦးနဲ့တဦး ယုံကြည်မှုတို့၊ လေးစားမှုတို့၊ ညှာတာမှုတို့ အားနည်းတဲ့အတွက်ကြောင့် အခုလိုမျိုး ပြဿနာတွေ ဖြစ်ကြတာ။ အဲတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိတဲ့ တို့တိုင်းပြည်မှာ သူ့ယုံကြည်ချက်နဲ့သူ ယုံကြည်ရာ ကိုးကွယ်တယ်၊ တည်ဆောက်တယ်။ အဲဒါကို ငါ့ရဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်ရကောင်းလားဆိုပြီးတော့ အပုပ်ချမယ့်အစား ကိုယ့်ယုံကြည်ချက်ကို တည်ဆောက်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ယုံကြည်ချက်ကို ကောင်းကောင်းတည်ဆောက်မယ်၊ အလုပ်လုပ်မယ်ဆိုရင် သူတို့လည်း သူတို့ ယုံကြည်ချက်ကိုတည်ဆောက်ပြီး ကောင်းကောင်းအလုပ်လုပ်ရင် ပြဿနာဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် နိုင်ငံထဲမှာ ရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရော၊ တခြားဘာသာဝင်တွေရော၊ ဘာသာပေါင်းစုံ အယူဝါဒပေါင်းစုံတို့သည် ကိုယ့်ယုံကြည်ချက်ကိုတည်ဆောက်၊ ကိုယ့်ယုံကြည်ချက်ကို မှန်မှန်ကန်ကန်လုပ်မယ်ပေါ့။ သူများရဲ့ ယုံကြည်မှု ကိုးကွယ်မှုတွေကို အပုပ်ချတာမျိုး၊ အနှောင့်ယှက်လုပ်တာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ အဲလို ရှောင်ရှားမှသာ မိမိတို့တိုင်းပြည်သည် အေးအေးချမ်းချမ်းနဲ့ နေထိုင်ဖို့ဖြစ်မယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013