DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် မြန်မာအလုပ်သမားများအတွက် အဝေးပြေးကားဂိတ်ဖွင့်မည်
DVB
·
March 26, 2013
မဟာချိုင်တွင် မြန်မာအလုပ်သမားများအတွက် အဝေးပြေးကားဂိတ်ဖွင့်မည်
Donate to DVB

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ နေရပ်ပြန်ရာမှာ လုံခြုံ ချောမွေ့စေရေးအတွက် ရည်ရွယ်ပြီး အဝေးပြေးကားဂိတ်တခုကို ဧပြီလ ၁၀ ရက်နေ့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

[caption id="attachment_31308" align="alignright" width="300" caption="မဟာချိုင်က ငါးအ၀ယ်ဒိုင်တခုတွင်တွေ့ရသည့် မြန်မာအလုပ်သမားတချို့"][/caption]

ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“မဟာချိုင်ဒေသမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အမိမြန်မာပြည်ကို ပြန်ပြီးအလည်သွားတဲ့အချိန်မှာ လုံခြုံချောမွေ့မှု အဓိက ရစေချင်တဲ့ ရည်ရွယ်ချက်ပါ။ ကျနော်တို့ လော့တုတ်ကားတွေနဲ့ သွားလာတဲ့အချိန်မှာ လူဦးရေ ကျပ်ကျပ်တည်းတည်း ထိုင်ရတာတွေ၊ အခက်အခဲတွေ၊ လမ်းခရီးမှာ တရားဝင်ပတ်စပို့ဗီဇာတွေ ရှိပါလျက်နဲ့ မလိုလားအပ်တဲ့ ငွေကြေးတောင်းခံမှုတွေ ကြုံတွေ့နေရတာကို အလုပ်သမားအများစုက တင်ပြ တောင်းခံလာတဲ့အတွက် လုပ်သားတွေ အစစအရာရာ လုံခြုံချောမွေ့စေရေးအတွက် ရည်ရွယ်ပြီး ဖွင့်လိုက်တာပါ။”

အဝေးပြေးကားဂိတ်ဖွင့်လှစ်နိုင်ရေးအတွက် လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ တရားဝင်ခွင့်ပြုချက်လည်း ရထားတာ ကြာပြီဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ဖို့ နောက်ကျသွားတယ်လို့ ဆိုပါတယ်။

အဝေးပြေးကားဂိတ်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်၊ ထိုင်းနိုင်ငံပိုင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတခုတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဦးအောင်ကျော်က ပြောပါတယ်။

အဝေးပြေးကားဂိတ်ကို မဟာချိုင်ဒေသ ငါးပုစွန်တွေ အဓိက ရောင်းဝယ်နေတဲ့ ဈေးကြီးဘေး ကပ်လျက် သလပ်ထလေထိုင်ကားဝင်းထဲမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဒီအဝေးပြေးကားဂိတ်ကနေ မဟာချိုင်-မဲဆောက်နဲ့ မဟာချိုင်-ရနောင်းမြို့တွေကို ကား ၂ စီးနဲ့ နေ့စဉ်  ပြေးဆွဲသွားမယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

အရင်က မဟာချိုင်ဒေသမှာ လာရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နေရပ်ပြန်ရင် အခက်အခဲတွေ ကြုံရပုံကိုလည်း ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“လက်ရှိမဟာချိုင်မှာ သွားလာနေကြတာက နေရာ ၁၅ နေရာပါတဲ့ တောင်းအေ့စ်ကားတွေပါ။ အဲကားတွေရဲ့ နှုန်းထားက ဘတ် ၅၀၀။ အဲဒါ ပေးဆောင်တာနဲ့ မပြီးသေးဘဲ လမ်းမှာ လုံခြုံရေးအာဏာပိုင်တွေက ၀င်ရောက်စစ်ဆေးပြီး ခရီးသည်တွေကို ကားပေါ်ကဆင်းခိုင်းတယ်၊ လမ်းလျှောက်ခိုင်းတယ်၊ ခရီးဆောင်အိတ်တွေအားလုံးကို ဖွင့်ပြရတယ်။ နောက် ပတ်စပို့နဲ့ဗီဇာ မခိုင်လုံရင် ဆေးရုံလက်မှတ်ရှိသလား၊ မရှိရင်ဘယ်လောက်။ အလုပ်လုပ်ခွင့်လက်မှတ်က အတုလား၊ အစစ်လား၊ အကြောင်းမျိုးမျိုးပြပြီး ငွေကြေးတွေ တောင်းခံကြတယ်။ အားလုံးစုစုပေါင်း ၁၅၀၀ လောက်ကုန်ကြတယ်။”

အခုပြေးဆွဲမယ့် ကားအသင်းအနေနဲ့ တယောက်ကို ဘတ် ၅၀၀ နှုန်းထားနဲ့ပဲ ကောက်ယူမယ်လို့ စီစဉ်ထားကြောင်း၊ ယာယီနိုင်ငံကူးလတ်မှတ်နဲ့ ဗီဇာသက်တမ်း မှန်ကန်ပါက လမ်းခရီးမှာ စိုးရိမ်စရာ လုံးဝမရှိဘူးလို့ ဆိုပါတယ်။ ထိုင်းလူမျိုးတွေလည်း ဒီကားမှာ လိုက်ပါစီးနင်းနိုင်တယ်လို့ ပြောပါတယ်။

နောက်ပိုင်းမှာ မဟာချိုင်-မဲဆောက်၊ မဟာချိုင်-ရနောင်းသာမကဘဲ မြန်မာပြည်တွင်း လိုရာခရီးရောက်တဲ့အထိ ပို့ဆောင်ပေးမယ့် အစီအစဉ်တွေကိုလည်း ရေးဆွဲထားတယ်လို့ ဆိုပါတယ်။

မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမား ၁ သိန်းကျော် အလုပ်လုပ်ကိုင်နေတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းရှိပြီးတော့ ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013