DVB Logo
Home
မြန်မာသတင်း
၆၄ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားများ ကျင်းပ
DVB
·
March 26, 2013
၆၄ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားများ ကျင်းပ
1 / 4
Donate to DVB

နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိတဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွေကို ပအိုဝ်းလူမျိုးတို့ ရောက်ရှိနေထိုင်ရာ ပြည်တွင်းနဲ့ ပြည်ပမှာ  ကျင်းပခဲ့ပါတယ်။

ပအိုဝ်းတမျိုးသားလုံးကိုယ်စားပြုတဲ့ အခမ်းအနားကိုတော့  ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ကျင်းပနေတာဖြစ်ပြီး အလံတင်အခမ်းအနားကို ဒီနေ့ မနက် ၇ နာရီက တောင်ကျောင်းကြီး ကျောင်းတိုက်မှာ ကျင်းပခဲ့တယ်လို့ ၆၄ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးခွန်လာက ပြောပါတယ်။

“အမျိုးသားနေ့ဟာ ပအိုဝ်းအမျိုးသားအတွက် နေ့ထူးနေ့မြတ်ပေါ့။ စည်းလုံးညီညွတ်မှုကို ပြသတဲ့နေ့လည်းဖြစ်တယ်။ မျိုးဆက်သစ်လူငယ်တွေအတွက် သိပ်ကောင်းတဲ့အစဉ်အလာတခုကို ထားခဲ့နိုင်တဲ့ အနေအထားပေါ့။ အမျိုးသားနေ့မှာ ကျနော်တို့က သူတို့ရဲ့ အနာဂတ်အတွက်၊ အမျိုးသားရဲ့ အနာဂတ်အတွက် ဦးဆောင်မှုကဏ္ဍမှာ ပါဝင်စေချင်တဲ့ စိတ်ဆန္ဒလည်းရှိတယ်။ နောက် သူတို့ရဲ့ စိတ်ထဲ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့စိတ်ဓာတ် ရင်ထဲကိန်းအောင်းသွားအောင်၊ မျိုးစေ့ချပေးခဲ့ချင်တာပါ။”

ဒီမနက် အလံတင်အခမ်းအနားမှာ ပအိုဝ်းရပ်မိရပ်ဖ လူကြီးမင်းများနဲ့အတူ မကြာသေးခင်ကမှ အစိုးရနဲ့ အပစ်အခတ်ရပ်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က ဗိုလ်မှူးကြီး ခွန်ဥက္ကာလည်း သဘာပတိအဖွဲ့ဝင်အနေနဲ့ တက်ရောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခမ်းအနားမှာ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီက “အမျိုးဘာသာ ရေရှည် တည်တံ့ဖို့ မိမိအမျိုးသားတို့ ရပိုင်ခွင့်နဲ့ တန်းတူအခွင့်အရေးတွေကို ကိုယ့်ဘာသာ ဆောင်ရွက်မှ ရမယ့်အကြောင်း”သ၀ဏ်လွှာပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလူမျိုးတို့ရဲ့ တန်းတူအခွင့်အရေးအတွက် လူမျိုးစုတိုင်းက ၀ိုင်းဝန်းဆောင်ရွက်ဖို့ကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က တိုက်တွန်းခဲ့တယ်လို့ ဦးခွန်လာက ပြောပါတယ်။

အလံတင်အခမ်းအနား ကျင်းပအပြီး မြို့ထဲမှာ အလှူပဒေသာပင် လှည့်ကြတယ်။ မွန်းလွဲပိုင်းမှာ စာအောင်သံဃာနဲ့ သီလရှင်တွေကို ဆုတံဆိပ်ဆပ်ကပ်ချီးမြှင့်ကာ ရေစက်ချ တရားနာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ညနေ ၆ နာရီမှာ ရှမ်းပြည်နယ် ၀န်ကြီးချုပ်နဲ့တကွ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူကြီးတွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်း၊ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း၊  ရှမ်း၊ ဓနု၊ အင်းသား၊ ကိုးကန့်နဲ့ ကယန်း စတဲ့တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဒဲဉ်ဆီးဗွေကွင်းမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

တောင်ကြီးမှာ မတ် ၂၂ ရက်နေ့ကတည်းက ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနဲ့ ပြခန်းတွေကို  ကန်ကြီးရပ်ကွက်  ဒဲဉ်ဆီးဗွေကွင်းပြင်မှာ ဖွင့်လှစ်ခဲ့တယ်လို့ ပအိုဝ်းအမျိုသားအဖွဲ့ချုပ် ဒု- လူမှုရေးတာဝန်ခံ ဦးခွန်မောင်ဘော်က ပြောပါတယ်။

ပအိုဝ်းအမျိုးသားနေ့ကို အထက်မြန်မာပြည် မန္တလေးမြို့၊ ကရင်ပြည်နယ်၊  မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ပြည်ပရောက်ပအိုဝ်းတွေက ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာလည်း ကျင်းပခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ခန့်မှန်းပြောဆိုချက်အရ  မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ အခြားဒေသမှာ ပျံ့နှံ့နေထိုင်တဲ့ ပအိုဝ်းလူမျိုးပေါင်း ၁၅ သိန်းကနေ သိန်း ၂၀ ထိ ရှိမယ်လို့ ဆိုပါတယ်။

ပအိုဝ်းအမျိုးသားနေ့ကို  ရှေးခေတ် သုဝဏ္ဏဘူမိ သထုံပြည်ရဲ့ ဘုရင်တပါးဖြစ်သူ သူရိယစန္ဒာ-ပအိုဝ်းမင်းရဲ့ မွေးနေ့ဖြစ်တဲ့ တပေါင်းလပြည့်နေ့ကို  အစွဲပြု သတ်မှတ်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ၁၉၄၇ ခုနှစ်က မွန်ပြည်နယ် သထုံမြို့မှာ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013