DVB Logo
Home
Lead Story
တချိန်တည်းမှာ အချစ်ဇာတ်လမ်း တစ်ပုဒ်၊ ငိုချင်း တစ်ပုဒ် (သို့) “နားမကြားနိုင်ငံတော်”
DVB
·
March 26, 2020
တချိန်တည်းမှာ အချစ်ဇာတ်လမ်း တစ်ပုဒ်၊ ငိုချင်း တစ်ပုဒ် (သို့) “နားမကြားနိုင်ငံတော်”
1 / 3
Donate to DVB

“တိုင်းပြည်တခုရဲ့ နိုင်ငံသားတွေ တဦးကို တဦး မကြားတော့တဲ့အခါ ဘာဖြစ်လာမလဲ”

ဒါက သိပ်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတခုပါပဲ။ 

ယူကရိန်းခေတ်ပြိုင်ကဗျာဆရာ အီလျာကာမင်းစကီးရဲ့ ၂၀၁၉ ခုနှစ်၊ မတ်လက ထွက်ရှိခဲ့တဲ့ Deaf Republic ကို သူရိန်ဝင်း မြန်မာဘာသာပြန်ဆိုထားတဲ့ စာအုပ်ထဲမှာ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို တွေ့နိုင်လေမလား။

စာအုပ်အဖွင့် “စစ်အတွင်းမှာ ငါတို့ ပျော်ပျော်ကြီး နေခဲ့တယ်”အမည်ရတဲ့ ကဗျာမှာတော့ ဒီလို ရေးဖွဲ့ဟန်နဲ့ စတင်ထားပါတယ်။

အခြားသူတွေရဲ့ အိမ်ကို သူတို့ဗုံးကြဲတော့လည်း

ငါတို့ ကန့်ကွက် ဆန္ဒပြပါတယ်။ 

ဒါပေမဲ့ ထိထိမိမိ မဟုတ်ဘူး။ 

သူတို့ကို ငါတို့ ကန့်ကွက်တယ်

ဒါပေမဲ့ ထိထိမိမိ မဟုတ်ဘူး။ 

ငါ အိပ်ရာထဲမှာ၊

ငါ့အိပ်ရာတဝိုက် အမေရိက ပြိုကျနေတယ်။

မမြင်ရတဲ့အိမ်တွေ

မမြင်ရတဲ့အိမ်တွေ

တစ်အိမ်ပြီးတစ်အိမ်…

အပြင်ဘက်ကို ထိုင်ခုံယူပြီး

နေကို ငါကြည့်တယ်။

ဆိုးဆိုးရွားရွား အုပ်စိုးမှု ၆ လမြောက်မှာ

ပိုက်ဆံအိမ် ပိုက်ဆံလမ်း၊

ပိုက်ဆံမြို့၊ ပိုက်ဆံနိုင်ငံမှာ၊

ငါတို့ရဲ့ ပိုက်ဆံနိုင်ငံတော်ကြီး၊

ငါတို့(ငါ တို့ ကို ခွင့်လွှတ်ပါ)

စစ်အတွင်းမှာ ပျော်ပျော်ကြီး နေခဲ့ပါတယ်။

ခေတ်ပြိုင်လို့ ပြောကြတဲ့အခါ ဒီဘက်ခေတ် မြန်မာပြည်မှာ ထုတ်ဝေတဲ့ စာအုပ်တွေမှာ အဲဒီခေတ်မှာရှိတဲ့၊ ထွန်းကားတဲ့ စာပေရေးရာ၊ မူဝါဒ၊ အနှစ်သာရတဲ့ ဖြစ်တည်မှုကို ဆန်းစစ်ယှဉ်တွဲရေးသားကြတာမျိုးထက် နှစ်ကာလတခုအတွင်း တချိန်တည်း တပြိုင်တည်း ထွက်ရှိကြတဲ့ စာတွေကို တူညီတဲ့ သဘောတရားရေးရာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစုတစည်းထဲ ခေတ်ပြိုင်ဝတ္ထုတိုများ၊ ဝတ္ထုရှည်များ၊ ကဗျာများ စသဖြင့် ထုတ်ဝေတာမျိုးကိုသာ ပိုပြီးတော့ မြင်တွေ့လာရပါတယ်။

ခုထွက်ရှိလာတဲ့ စာအုပ်ကတော့ ကမ္ဘာမှာလည်း ထူးခြားတဲ့ ခေတ်ပြိုင်စာအုပ်တအုပ်လို့ လက်ခံထားတာမို့ မြန်မာဘာသာပြန်စာအုပ်တအုပ်အနေနဲ့ ဖတ်ရှုသင့်တဲ့ ရှိကိုရှိရမယ့် စာအုပ်တအုပ်လို့ပဲ မြင်မိပါတယ်။

အီလျာကာမင်းစကီးဟာ ကဗျာရေးသူ၊ ဘာသာပြန်သူ၊ စာပေအကဲဖြတ်သုံးသပ်သူ၊ ပါမောက္ခ တယောက်ပါ။ အရင်ဆိုဗီယက်ပြည်ထောင်စုရဲ့ မြို့တော်သြဒစ္ဆမှာ မွေးတယ်။ ၁၉၉၃မှာတော့ နိုင်ငံရေး ခိုလှုံခွင့်နဲ့ အမေရိကကို ထွက်သွားခဲ့ပြီး အခုအခါမှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပါတယ်။

သူဟာ ငယ်ငယ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့ပြီး အဲဒါကို နိမိတ်ပုံ၊ သင်္ကေတတခုအနေနဲ့ ခံယူပြီး ဗဆင်ကာဆိုတဲ့ စိတ်ကူးထဲက မြို့တမြို့နောက်ခံအချစ်နဲ့စစ်ဇာတ်လမ်းတပုဒ်ဖြစ်တဲ့ သူ့ရဲ့ ဒုတိယမြောက်ကဗျာစုစည်းမှု “နားမကြားနိုင်ငံတော်”ကို အဲဒီအတွေ့အကြုံက လွှမ်းမိုးထားဟန်ရှိပါတယ်။

ထူးခြားတာကတော့ ဒီစာအုပ်ကို သီးခြားကဗျာတပုဒ်ချင်းအနေနဲ့ရှိတဲ့ ကဗျာစုအနေနဲ့ ဖတ်နိုင်သလို အခန်း၂ ခန်းပါ ပြဇာတ်တပုဒ်အနေနဲ့လည်း ဖတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲက ကဗျာတွေဟာ မြင်တွေ့နေကျ ကဗျာရေးဖွဲ့မှု ပုံစံမျိုးကနေ ကွဲထွက်နေခဲ့ပြီး ဗဆင်ကာမြို့သားများ၊ ရုပ်သေးဆရာနဲ့ ဇနီး၊ သူတို့ရဲ့ ကလေးငယ် ၊ ရုပ်သေးရုံပိုင်ရှင်နဲ့ ရုပ်သေး သမားတွေ၊ စစ်သားတွေ စတဲ့ ဇာတ်ကောင်တွေနဲ့ ခြယ်မှုန်းထားပြီး မြို့သူမြို့သားတွေရဲ့ ဆက်နွှယ်မှု သင်္ကေတကို  လက်ဟန်သ‌‌‌‌င်္ကေတဘာသာစကားနဲ့ ရေးဖွဲ့ထားခဲ့ပါတယ်။

“ရှင်သန်ရတာ”အမည်ရတဲ့ ကဗျာထဲမှာတော့...

ရှင်သန်ရတာဟာ ချစ်ဖို့ပဲလို့ အဲဒီကျမ်းမဟာက မိန့်မှာတယ်။

ဒါပေမယ့် ချစ်နေရုံနဲ့ မပြီးဘူး - 

နှလုံးသားမှာ ရူးသွပ်မှုနည်းနည်းတော့ လိုတယ် !

ငါတို့ ကလေးလေးအတွက် ငါ သတင်းစာကိုခေါက်၊ 

ဦးထုပ်လေး လုပ်ပေးတယ်

ငါကလည်း အတော်ဆုံး ကဗျာဆရာကြီးလို့

ဆွန်ညာ့ကို ဟန်ဆောင်ပြတယ်

ပြီးတော့ သူကလည်း အသက်ရှင်ယောင်ဆောင်ပြတယ် -

ငါ့ဆွန်ညာ၊ သူ့ဇာတ်ကြောင်းတွေ၊

ဆွဲဆောင်နိုင်တဲ့ သူ့ခြေတံတွေ၊ သူ့ခြေတံတွေ၊

အခြားဇာတ်ကြောင်းတွေ ဖွင့်ပြပေးတဲ့ သူ့ဇာတ်ကြောင်းတွေ။

(နမ်းနေတုန်း စကားမပြောနဲ့ကွာ)

ငါ့ ကိုယ်ငါ မြင်တယ် - မိုးကာအင်္ကျီ အဝါ၊

ဆင်းဒွက်ချ်တစ်ခု၊ ငါ့သွားကြားက ခရမ်းချဉ်သီးတစ်ဖဲ့၊

ငါတို့ရဲ့ နို့စို့သမီးလေး၊ အနာ့ရှ်ကာကို ငါ ကောင်းကင်ဆီ မြှောက်လိုက်တယ် -

(အရူးကြီးလို့ ငါ့မိန်းမကတော့ ရယ်မှာပဲ)

ငါ့နဖူးနဲ့ ပခုံးတွေပေါ် သမီးလေး ရှုးပေါက်ချတော့

ငါက သီချင်းတကြော်ကြော်နဲ့။

အီလျာကာမင်းစကီးဟာ ၁၅ နှစ်အတွင်းမှာ ကဗျာစာအုပ် ၂ အုပ်ပဲ ထုတ်ထားခဲ့ပြီး သူ့ရဲ့ ဒုတိယလက်ရာဖြစ်တဲ့ “နားမကြားနိုင်ငံတော်ကို စာရေးဆရာ ကဗျာဆရာ ဂါ့သ်ဂရင်းဝဲလ်က ‘ထူးခြားလွန်းတဲ့စာအုပ်’လို့ ချီးကျူးထားပြီး ‘သူ့မျိုးဆက်ရဲ့ အတောက်ပဆုံး’ ၊ ‘ကမ္ဘာ့ရှားရှားပါးပါး ပါရမီရှင်တွေထဲက တယောက်’လို့ ဆိုထားပါတယ်။

‘ဆိတ်ဆိတ်နေခြင်းနဲ့ ပတ်သက်လို့။ နားမကြားတွေဟာ ဆိတ်ဆိတ်နေခြင်းကို မယုံကြည်ပါ ဘူး။ ဆိတ်ဆိတ်နေခြင်းဟာ နားကြားသူတွေရဲ့ ဖန်တီးမှုပါ”လို့ အီလျာကာမင်းစကီးက ရေးပါတယ်။

ဒီကဗျာစာအုပ်နဲ့ ပတ်သက်ပြီး စာရေးသူနဲ့ တွေ့ဆုံမှုတခုမှာတော့ “နားမကြားနိုင်ငံတော်”ရဲ့ မူ လဇာစ်မြစ်က ဘာလဲ။ ရုတ်တရက် နားမကြားဖြစ်သွားတဲ့ နိုင်ငံတနိုင်ငံ ဆိုတဲ့စိတ်ကူး ဘယ်လိုရလာတာလဲဆိုတဲ့ အမေးကို အီလျာကာမင်းစကီးက ခုလို ဖြေထားခဲ့ပါတယ်။

“ကျွန်တော်က ၁၆ နှစ်အထိ နားကြားကိရိယာတွေ ကျွန်တော့်မှာ မရှိဘူး။ နားမကြားလေး တယောက်အနေနဲ့ ကျွန်တော့်နိုင်ငံကို အသံမဲ့နိုင်ငံအဖြစ်နဲ့ ကျွန်တော် ထိတွေ့ခဲ့တာ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတာကို ကျွန်တော့်မျက်လုံးတွေနဲ့ ကြားခဲ့တာ။ မြို့ကို ဖြတ်လျှောက် သွားရင်း လူတွေကို ကျွန်တော် ကြည့်တယ်။ သူတို့နားတွေကို တချိန်လုံး ဖွင့်ထားတာ။ သူတို့နား တွေမှာ အဖုံးအုပ်မပါဘူး။ အသံတွေဟာ ဘယ်လိုလဲ၊ ကျွန်တော် စိတ်ဝင်စားတာ။ ဝှီးခနဲ၊ ရှူးခနဲ၊ ရွှီခနဲ အသံ၊ သော့သီးထဲ သော့တွေ လှည့်နေတဲ့အသံ၊ ဒါမှမဟုတ် ကျွန်တော်တို့အပေါ် နှစ်ထပ်က ပိုက် လိုင်းတွေထဲ ရေဖြတ်သွားတဲ့ အသံတွေပေါ့။ ကျွန်တော့်အနားက လူတွေ သူတို့မျက်လုံးတွေက သိနားလည်တာ မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် စကားပြောကြတာကို ကျွန်တော်က လွယ်လွယ်ဘဲ သတိထားမိတယ်။ ဒါပေမဲ့ ကျွန်တော့်လိုပဲ တစ်နိုင်ငံလုံး နားမကြားရင် ဘာဖြစ်မလဲ။ ပုလိပ်က အမိန့်ပေးချက်တွေ ထုတ်ပြန်တိုင်းမှာ ဘယ်သူမှ မကြားတော့အောင်ပေါ့။ ကျွန်တော် အဲဒါ စိတ်ကူးကြည့်ချင်တာ”

နှစ်ကာလများစာအုပ်တိုက်က တန်ဖိုးကျပ်  ၂,၅၀၀ နဲ့ ထုတ်ဝေထားတဲ့ ဒီစာအုပ်က တစ်ချိန်တည်းမှာ အချစ်ဇာတ်လမ်းတစ်ပုဒ်၊ ငိုချင်းတစ်ပုဒ်ဖြစ်နေပြီး တွေးဆ ဆင်ခြင်စရာတွေ ပေးနိုင်ပါလိမ့်မယ်။

“ရုပ်သေးသမားတွေ ဖမ်းဆီးခံရတုန်း”

ပါးစပ်ပိတ်နေမှာလား

အဲဒါ မင်းကို ငါ ရိုက်မယ့် တုတ်။ 

ငါ မင်းကို တုတ်နဲ့ ရိုက်မယ် - အသံ - ရိုက်မယ်

မင်း ပြောလာတဲ့အထိ။

မင်း သေသေချာချာ ပြောတဲ့အထိ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013