DVB Logo
Home
မြန်မာသတင်း
ဒီလှိုင်းသတင်းစာထုတ်ရန် ငွေကြေးက အကြီးမားဆုံး စိန်ခေါ်မှုဟု ဦးဝင်းတင်ပြော
DVB
·
March 26, 2013
ဒီလှိုင်းသတင်းစာထုတ်ရန် ငွေကြေးက အကြီးမားဆုံး စိန်ခေါ်မှုဟု ဦးဝင်းတင်ပြော
Donate to DVB

ဒီလှိုင်းနေ့စဉ်သတင်းစာထုတ်ဖို့ ငွေကြေးဟာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်တယ်လို့ ဦးစီးလုပ်ဆောင်မယ့် ဟံသာဝတီ ဦးဝင်းတင်က ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၂၅ ရက်မှာ ထုတ်ဝေခွင့်ပြုလိုက်တဲ့ ပုဂ္ဂလိကနေ့စဉ် သတင်းစာ ၈ စောင်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေမယ့် ဒီလှိုင်းသတင်းစာလည်း ပါဝင်လာတာ တွေ့ရလို့ မေးမြန်းရာမှာ ဦးဝင်းတင်က ပြောဆိုလိုက်တာပါ။

“အကြီးမားဆုံးစိန်ခေါ်မှုကတော့ ငွေရေးကြေးရေး ကိစ္စလို့မြင်တယ်။ ပါတီကလည်း ဘာမှချေးတာမဟုတ်ဘူးလေ။ ဒီလှိုင်းတုန်းကလည်း ငွေမရှိပေမယ့် စလုပ်ခဲ့တာပါပဲ။ ကျန်တဲ့အားတွေဘာမှမရှိပါဘူး။ ငွေကြေးသော်လည်းကောင်း၊ အတတ်ပညာသော်လည်းကောင်း ဘာမှ သိပ်ထူးထူးခြားခြား အားကောင်း၊ အင်အားကြီးတာမရှိပါဘူး။ သို့သော် ကျနော်တို့မှာ ပါတီရဲ့ ဂုဏ်သိက္ခာရှိတယ်။ လူထုထောက်ခံမှုရရှိတဲ့ ပါတီတရပ်၊ ပါတီဝင်ထုလည်း အများဆုံးရှိတဲ့ အဖွဲ့ချုပ်ပါတီအနေနဲ့ အင်အားရှိတယ်လို့ ယူဆလို့ရပါတယ်။ နောက် ပါတီဝင်ထုတွေ အကုန်လုံးကလည်း နိုင်ငံရေးသိက္ခာရှိတဲ့ အဖွဲ့အစည်းတခုကို ကိုယ်စားပြုရုံတင်မဟုတ်ဘူး၊ ပါတီဝင်ဦးရေကလည်းများတော့ ပါတီဝင်ဦးရေကလည်း သတင်းစာကို တခြားသတင်းစာတွေ ဖတ်တာနဲ့အတူတူ ကျနော်တို့သတင်းစာကိုလည်း ဖတ်ကြမယ်လို့ ယူဆပါတယ်။ စောင်ရေတို့ဘာတို့လည်း တစုံတရာတော့ အာမခံချက်ရှိတဲ့ သတင်းစာဖြစ်မယ်၊ ပါတီရဲ့နာမည်ဂုဏ်သတင်း၊ ပါတီရဲ့ဩဇာသိက္ခာအတွက်လည်း ဘယ်လိုပဲပြောပြော ကျနော်တို့ဟာ သတင်းစာတစောင်အနေနဲ့ လူထုသတင်းစာ၊ ပြည်သူ့သတင်းစာတစောင်ဖြစ်ပေမယ့်လို့ ပါတီဝင်ထုတွေရဲ့ ထောက်ခံမှုရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

ဒီလှိုင်းသတင်းစာကို ထုတ်ဝေမယ့်သူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

မတ် ၂၅ ရက်က ဒုတိယအသုတ်အဖြစ် ထုတ်ဝေခွင့်ပြုလိုက်တဲ့ သတင်းစာ ၈ စောင်ထဲမှာ ဒီလှိုင်းနဲ့ အတူ နာမည်ကြီးသတင်းဂျာနယ်တွေ ဖြစ်တဲ့ ဆဲဗင်းဒေး၊ သည်ဗွိုင့်စ်၊ အဲလဗင်းနဲ့ ရန်ကုန်တိုင်းမ်စတဲ့ ဂျာနယ်တွေလည်း နေ့စဉ်သတင်းစာထုတ်ခွင့် ကျလာပါတယ်။

မန္တလေးမြို့အခြေစိုက် ထုတ်ဝေမယ့် မြန်မာဓိက အမည်ရ သတင်းစာတစောင်လည်း ထုတ်ဝေခွင့်ကျတဲ့အထဲ ပါဝင်လာပြီး အထက်မြန်မာပြည်သတင်းတွေကို ဦးစားပေး ထုတ်ဝေသွားမယ်လို့ အယ်ဒီတာတဦးဖြစ်တဲ့ ဦးတင်ဆင့်က ပြောပါတယ်။

မြန်မာဓိကလို့ နာမည်ပေးရတဲ့အကြောင်းနဲ့ သတင်းစာရပ်တည်ချက်ကိုလည်း သူက ခုလို ပြောပါတယ်။

“ကျနော်တို့ သတင်းစာသွားချင်တဲ့လမ်းကြောင်းကတော့ အမျိုးသားအကျိုးစီးပွားပေါ့။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်လို့ပြောနေတဲ့အချိန်မှာ ကိုယ့်တိုင်းပြည်၊ အမျိုးသားအကျိုးစီးပွားကိုလည်း စောင့်ရှောက်ဖို့လိုမယ်။ ကမ္ဘာကြီးနဲ့ဆက်ဆံတဲ့အချိန်မှာ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်အကျိုးစီးပွားကို အဓိကနေရာကနေ စဉ်းစားသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မြန်မာဓိကလို့ ပေးထားတာပါ။”

ဒါ့အပြင် ဆောက်လုပ်ရေးကုမ္ပဏီတခုက လျှောက်ထားတဲ့ ပုဂ္ဂလိကသတင်းစာတစောင်လည်း ထုတ်ဝေခွင့် ကျလာတာ တွေ့ရပါတယ်။ ဒါဟာ ဘယ်လိုသဘောဆောင်ပါသလဲလို့ မန္တလေးက သတင်းစာဆရာနဲ့ စာရေးဆရာ ကျော်ရင်မြင့်ကို မေးကြည့်တော့ သူက “သတင်းစာစီးပွားရေးကလည်း မက်မောလောက်တဲ့စီးပွားရေးဖြစ်လိမ့်မယ်လို့ သူတို့မျှော်လင့်လို့ ၀င်ထုတ်တာလို့ မြင်ပါတယ်။ စီးပွားရေးလုပ်ငန်းတခုအနေနဲ့ပေါ့။ အဲလိုအမြင်နဲ့ ၀င်လုပ်လာတာလို့ မြင်ပါတယ်။”

ထုတ်ဝေခွင့်ကျလာတဲ့အထဲမှာပါတဲ့ အဲလဗင်းမီဒီယာဂရုပ်ရဲ့ The Daily Eleven သတင်းစာကို စာမျက်နှာ ၃၂နဲ့ ၄၀ ကြား၊ ဖြန့်ချိဈေး ၁ စောင် ၁၈၀ နဲ့ ၁၈၅ ကျပ်ကြား ဈေးရှိမှာဖြစ်ပြီး ဘယ်နေ့ စထုတ်မယ်ဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့ အယ်ဒီတာ ဦးဝေဖြိုးက ပြောပါတယ်။

ပုဂ္ဂလိကသတင်းစာတွေ စတင်ထုတ်ဝေခွင့်ပြုမယ့် ဧပြီ ၁ ရက်မှာ ပြည်ထောင်စု နေ့စဉ်၊ ပြည်ထောင်စုအသံနဲ့ ရွှေနိုင်ငံသစ် စတဲ့ ၃ စောင်ပဲ ထုတ်မယ်လို့ ကြေညာထားပြီး၊ ကျန်သတင်းစာတွေကတော့ ဘယ်တော့စထုတ်မယ်ဆိုတာ မကြေညာကြသေးပါဘူး။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မတ် ၂၅ ရက်ထိ ထုတ်ဝေခွင့်ပြုလိုက်တဲ့  ပုဂ္ဂလိက သတင်းစာ ၁၆ စောင် ရှိသွားပြီဖြစ်ပြီး၊ စစ်ဆေးဆဲ ၃ စောင်နဲ့ ဆက်လက် လျှောက်ထားလာသူတွေကိုလည်း ဆက်လက်စိစစ်ပြီး ဧပြီလအတွင်း ဆုံးဖြတ်ပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013