DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း ကြို့ပင်ကောက်တွင် အကြမ်းဖက်ဖျက်ဆီးမှုများ ဖြစ်ပွား
DVB
·
March 26, 2013
Donate to DVB

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ မနေ့ညက လူအုပ်စုတွေဟာ ဗလီ ၁ လုံးအပါအ၀င် အစ္စလာမ်ဘာသာဝင် အိမ် ၇ လုံးလောက်နဲ့ ဈေးဆိုင်တွေကို ထုရိုက်ဖျက်ဆီးသွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီအဖြစ်အပျက်မှာ ဗလီပေါ်မှာ အိပ်နေသူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ကြို့ပင်ကောက်မြို့မှာ မနေ့ည ၁၁ နာရီခန့်မှာ အကြမ်းဖက်အုပ်စုတွေက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တွေကို ရွေးချယ်ဖျက်ဆီးခဲ့ပြီး အိမ်ပေါ်က ပစ္စည်းတွေနဲ့ ကားတချို့ကို ထုရိုက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကြို့ပင်ကောက်မြို့ပေါ်မှာ ဗလီနဲ့ မွတ်စလင်အိမ်တွေကို မနေ့ညသန်းခေါင်ယံလောက်မှာ ဖျက်ဆီးမယ်ဆိုတာ ကြိုသတင်းထွက်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့မိမြို့ဖတွေ သံဃာတော်တွေ ၀ိုင်းဝန်းတားမြစ်တဲ့အကြားက လူအုပ်စု တိုးပွားလာပြီး ဖျက်ဆီးမှုတွေကို ထိန်းမနိုင်ဖြစ်ခဲ့ရတာပါ။

အကြမ်းဖက် လူအုပ်စုကို မီးမရှို့ဖို့ကိုသာ တောင်းပန်လို့ရခဲ့ကြောင်း တားမြစ်ခဲ့သူ မြို့ခံ တဦးက ပြောပါတယ်။

ဒီလို အကြမ်းဖက်ထုရိုက်ဖျက်ဆီးတာဟာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်တဲ့ကြားကနေ ဖျက်ဆီးကြတာလို့ ဒီကိစ္စကို ကိုင်တွယ်ဖို့ သွားရောက်တင်ပြသူတဦးက ပြောပါတယ်။

အကြမ်းဖက်ဖျက်ဆီးသူတွေဟာ လူတွေကို ဘာမှမလုပ်ဘဲ ပစ္စည်းတွေကို ထုရိုက် ဖြိုဖျက်ခဲ့ကြတာ ဖြစ်ပါတယ်။

မနေ့ည ၉ နာရီလောက်မှာလည်း ပဲခူးတိုင်းအတွင်းက အုတ်ဖိုမြို့နယ်မှာလည်း ဗလီတလုံးနဲ့ အိမ်တွေကို လူ ၂၀၀ လောက်က ၀ိုင်းဝန်းဖျက်ဆီးခဲ့ကြတယ်၊ ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်နဲ့ပစ်ခတ်လို့ လူ ၉ ယောက် သေနတ်ဒဏ်ရာနဲ့ ဆေးကုနေတယ်လို့ ဆိုပါတယ်။

မိတ္ထီလာမြို့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တွေ၊ ဗလီတွေကို မီးရှို့ဖျက်ဆီးမှုစတင်ကတည်းက ကြို့ပင်ကောက်မြို့ရှိ နယ်မြေခံတွေ၊ နိုင်ငံရေးသမားတွေနဲ့ သံဃာတွေက ကူးစက်လာမှာကို ကြိုတင်စိုးရိမ်ပြီး ရဲတပ်ဖွဲ့နဲ့ ဘာသာရေးအသင်းအဖွဲ့တွေကို သတိပေးတဲ့အကြားက ဒီဖြစ်ရပ်တွေ ဖြစ်ခဲ့တာပါ။

ဒီဖြစ်ရပ်တွေမဖြစ်ခင် ညနေစောင်းတွေမှာ လူအစုတွေကို ဟိုနားတ၀ိုက် ဒီနားတ၀ိုက် စုဝေးနေတာ ညနေစောင်းကတည်းက တွေ့ရတယ်လို့ နယ်မြေခံတွေက ပြောဆိုပြီး ရဲတပ်ဖွဲ့ဟာ လူနည်းနေချိန်မှာ တားဆီးခြင်းမရှိဘဲ လူရာပေါင်းများစွာ ဖြစ်လာမှ ဒီအတိုင်း ကြည့်နေသလို ဖြစ်နေတယ်လို့လည်း ဝေဖန်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မင်းလှမြို့နယ်မှာ ဒီလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ ညသန်းခေါင်အချိန်တွေမှာလည်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ တာမွေမြို့နယ် မအူကုန်း ရပ်ကွက်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ အော်ဟစ်လှုံ့ဆော်သူ လူတစုကြောင့် ရပ်ကွက်နေ ပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ကြပ်မတ်ဆောင်ရွက်နေပြီး ကောလာဟလသတင်းတွေကို ပြည်သူတွေ မယုံကြည်ကြဖို့နဲ့ ကောလာဟလသတင်း ထုတ်လွှင့်သူကို သိရှိပါက ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ပူးပေါင်းကူညီကြဖို့ မနေ့ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အင်တာနက်ဆိုင်၊ အလှပြင်ဆိုင်နဲ့ တည်းခိုခန်းတွေကို ည ၉ နာရီကနေ မနက် ၄ နာရီအထိ ဖွင့်လှစ်ရောင်းချတာ မပြုလုပ်ဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက် မိတ္ထီလာမြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုဖြစ်စဉ်တွေကြောင့် လူပေါင်း ၃၀ ကျော်သေဆုံးပြီး လူအများပြား ထိခိုက်ဒဏ်ရရှိခဲ့ကြသလို လူဦးရေ ၁ သောင်းခွဲလာက် အိုးအိမ်မဲ့ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013