DVB Logo
Home
Lead Story
ကမ္ဘာ့ဒိုင်မင်းရှင်း ပြောင်းသွားလေမလား
DVB
·
March 25, 2020
ကမ္ဘာ့ဒိုင်မင်းရှင်း ပြောင်းသွားလေမလား
Donate to DVB

“ကမ္ဘာကြီး ပြားပြီ” ဆိုတဲ့ အော်သံမဆုံးခင်မှာ တကမ္ဘာလုံးက နိုင်ငံအများအပြားကတော့ ထောင့်ကျဉ်းလေးထဲမှာ ကိုယ့်ဘာသာကိုယ် တံခါးပိတ် ဆေးခြယ်နေကြရတယ်။ အသွားအလာ မလုပ်ရ။ အဝင်အထွက် မလုပ်ရတဲ့။ ကမ္ဘာကြီးဟာ ပိုကျဉ်းလာသလိုပါပဲ။ စကြဝဠာကြီး ပြန့်ကားလာတယ် ဆိုပေမယ့် ကမ္ဘာကြီးကတော့ တဖြည်းဖြည်း ပိုလို့ကျဉ်းလာတယ်။ တကမ္ဘာလုံးနီးပါး တံခါးပိတ်လို့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်တယ်။ တကမ္ဘာလုံး ကိုယ့်ထောင့်ကျဉ်းလေးထဲမှာ ကိုယ်နေတာကပဲ လုံခြုံမှု ရှိနေသလိုလို။

ကျနော်တို့က ကိုယ့်ထောင့်ကျဉ်းလေးထဲမှာ ကိုယ် နေထိုင်လာခဲ့တာကြာပေါ့။ နှစ်ပေါင်း ၆၀ နီးပါးရှိပြီ။ အဲဒီကတည်းက ကပ်သုံးပါးလုံးနဲ့ ရင်ဆိုင်ခဲ့ရတာကလား။ ပထမဆုံး လွတ်လပ်ရေးရပြီ ဆိုပြီး ပျော်ခဲ့ကြရတာ။ နောက်တော့ ပြည်တွင်းစစ်လည်း ဖြစ်ပါလေရော။ အဲဒီအချိန်ကစလို့ မြန်မာတပြည်လုံး “သတ္တန္တရကပ်”ဆိုက်လာတာ အခုထိပဲလေ။ ဓား၊ လှံ၊ မီးပေါက်၊ အမြောက်၊ သေနတ်တို့နဲ့ လူကံကြမ္မာ အဆုံးသတ်ပေးခဲ့ကြတာကလား။ ကပ်ဆိုတာ ပါဠိလို “ကပ္ပ” က နေလာတာ။ မြန်မာလိုတော့ “အကြီးအကျယ် ပျက်စီးဆုံးရှုံးရခြင်း”ပေါ့။ သတ္တန္တရကပ်ကြောင့် တိုင်းဖျားပြည်ဖျားသာမက တိုင်းလယ် ပြည်လယ်မှာပါ အကြီးအကျယ် သေခဲ့ကြရတာကလား။

ဒီကပ်ဆိုးကြောင့် “ဉာတိဗျသန” လို့ ဆိုကြစို့ရဲ့။ ချစ်ခင်နှစ်သက်မြတ်နိုးရသူတွေ၊ ဆွေမျိုးဉာတိတွေ၊ မျက်စိရှေ့မှောက်မှာတင် အကြီးအကျယ် သေကျေပျက်စီးကြပေါ့။ ကယ်တင်ရှင်ကြီးများကတော့ အဲဒီ‘သတ္တန္တရကပ်’ထဲမှာ နှစ်ပေါင်း ၇၀ ကျော် ကျန်းမာချမ်းသာ လန်းဖြာလို့။ သေလူတစုအရင်းပြုပြီး စီးပွားဖြစ်နေကြဆဲပါ။ “သတ္တန္တရကပ်ရဲ့ သုဘရာဇာကြီး” တွေ ဖြစ်လို့။ ခေတ်စကားနဲ့ဆိုရရင် “စစ်ခရိုနီကြီးတွေ”လို့ပဲ ကင်ပွန်းတပ်ရမယ် ထင်ပါရဲ့။ ကဗျာဆရာကြီး နီရူဒါကတော့ “မသာလောင်းတွေပေါ်မှာ အာဏာထူထောင်လိုသူတွေ”လို့ ရေးစပ်ခဲ့ရဲ့။   

၁၉၆၂ ထဲ ရောက်တော့ “တော်လှန်ရေးကောင်စီ” ဆိုတဲ့ နာမည်လှလှလေးနဲ့ လူထုကို လှည့်စားလို့ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ကာလ ရောက်ပြီ။ အဲဒီအချိန်ကစလို့ မြန်မာတပြည်လုံး “ဒုဗ္ဘိက္ခန္တရကပ်”ဆိုက်တော့တာပါပဲ။ အစာရေစာ ရှားပါးလာခဲ့ပြီ။ မြန်မာတပြည်လုံး ‘အငတ်ဘေး’ ဆိုက်လာတယ်။ “သရောကြီးခိုင်း”တယ်လို့လည်း မြန်မာလို ခေါ်ကြသေးရဲ့။ အလုပ်သမားတွေ ငတ်မွတ်လာတော့ ၁၉၇၄ မှာ “စားစရာဆန်” တောင်းရာက တပြည်လုံး “အလုပ်သမား အရေးတော်ပုံ” ဖြစ်ခဲ့တာကလည်း သာဓကအဖြစ် ရှိခဲ့တယ်။ တပြိုင်တည်းမှာပဲ ပြည်သူတွေလည်း ‘ဘောဂဗျသန’နဲ့ ကြုံပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းမှန်သမျှ ပြည်သူပိုင်အသိမ်းခံရ။ စီးပွားဥစ္စာလည်း ပျက်စီးခဲ့ရတော့တာပါပဲ။ အခုထိဆို နှစ်ပေါင်း ၆၀ ကျော် ဒုဗ္ဘိက္ခန္တရကပ်ဆိုက်ခဲ့တာပဲ။ ဒီတော့ မြန်မာပြည်ဟာ ကပ်ကြီးနှစ်ပါးနဲ့ ယဉ်ပါးနေခဲ့တာ ကြာခဲ့ပါပြီ။ အခုထိ အဲဒီကပ်တွေထဲက မလွတ်မြောက်နိုင်သေးဘူး။

ဒါကိုပဲ ကာလအားဖြင့်ပြောရရင် “ကာလဝိပ္ပတ္တိ”ထဲမှာပါ။ တကယ့်ခေတ်ဆိုးခေတ်ပျက် တရားဥပဒေကင်းမဲ့တဲ့ အုပ်ချုပ်မှုနဲ့ နေခဲ့ရတာလေ။ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခဲ့တာကို ပြည်သူတွေကိုယ်တိုင် ခံစားကြုံတွေ့ရတဲ့ “ကိုယ်တွေ့ယုတ္တိဗေဒ” အရ သိနေကြပြီပဲ။ ဒီတော့လည်း ရာဇတောဝါ(မင်းဘေး)နဲ့လည်း ဘယ်ကင်းနိုင်ပါ့မလဲ။   ကျနော်တို့ ပြည်သူများကတော့ “နူရာဝဲစွဲ ချော်လဲရာမှာ ဗိုလ်ကြီးအနင်း”လည်း ခံခဲ့ရပြီးပြီ။ ဟောအခုထပ်လို့ “ဝူဟန် ကိုဗစ်-၁၉ က ထောင်းဖို့ပြင်နေပြီ။ “ရောဂန္တရကပ်”တဲ့။

ရောဂါဆိုးကြီးတွေဟာ ကျေးရွာ၊ မြို့နယ်၊ တိုင်း/ပြည်နယ်၊ နိုင်ငံတခုလုံးကနေ တကမ္ဘာလုံးကို သေကျေပျက်စီးစေတဲ့ ရောဂါ။ ဒီကပ်ရောဂါကြီးက ကမ္ဘာအနှံ့ ခရီးဆန့်နေပြီ။ မြန်မာပြည်သို့လည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပေပြီ။ ရောဂါအစမှာ တရုတ်ပြည် ဝူဟန်မြို့ပင်။ ပင်လယ်စာများမှ ဖြစ်ပေါ်သလိုလို။ တချို့သတင်းများကတော့ ဇီဝဗေဒစက်ရုံမှ ယိုစိမ့်ပြန့်လွင့် ကူးစက်သယောင်ယောင်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “တရုပ်ကပ်ရောဂါ”ဟု သုံးလိုက်လို့   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးတာ ခံရသတဲ့။

ကမ္ဘာကြီးက တနေ့ထက်တနေ့ ထူးထွေဆန်းပြားနေတယ်။ ဓာတုလက်နက်အပြင် ဇီဝလက်နက်တွေကလည်း စစ်ပွဲအနှံ့ သုံးလာကြတယ်။ ကပ်ရောဂါဆိုးများကလည်း တခုပြီး တခု ပေါ်လာကြလေရဲ့။ တိုးတက်သောခေတ်နဲ့ တပြေးညီဟု ဆိုရမလိုပင်။ ကျောက်ရောဂါ၊ ကာလဝမ်းရောဂါ၊ အဆုတ်နာ၊ ကင်ဆာ၊ အေအိုင်ဒီအက်စ်၊ ဆားစ်ရောဂါ။ အခု ကိုဗစ်-၁၉ ရောဂါ။ ရောဂန္တရကပ်ဟာ မြန်မာတို့ရဲ့သတ္တန္တရကပ်လို နိုင်ငံရေးဖြစ်နေလေရော့သလား။ တကယ်ပဲ ရောဂန္တရကပ်သက်သက်လား။ လူကို သေစေနိုင်တဲ့ လူတို့ တီထွင်ထုတ်လုပ်လိုက်တဲ့ လူလုပ်လက်နက် တခုား။

ကပ်ကြီးသုံးပါးမက ရှိနေပြီလား။ ကပ်တပါး ထပ်တိုးရတော့မလိုပင်။ ဘယ်လို အမည်ပေးရလေမလဲ။ ရောဂန္တရကပ်နဲ့ သတ္တန္တရကပ်ကို ပေါင်းပြီး “သတ္တန္တရရောဂကပ်”ဟုပင်် ခေါ်ရမည်လော၊ မသိတော့။

ကောလာဟလတို့ကလည်း  မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တင်းကြမ်းပြည့်နေလေရဲ့။ ကာလဝိပ္ပတ္တိတို့ ရှည်ကြာလာတာနဲ့အမျှ ဒိဋ္ဌိဝိပ္ပတ္တိနဲ့ သီလဝိပ္ပတ္တိတို့လည်း ပျက်ခဲ့လေပြီလော မဆိုနိုင်။ အယူအကျင့်တို့ကား ပျက်ခဲ့လေပြီ။ အားထုတ်မှုတို့ မှားယွင်းခဲ့ကြပြီလော။ ဒါမှမဟုတ် ကမ္ဘာ့တန်ဖိုး သဘောတရားတို့ ပြောင်းခဲ့လေပြီလော မသိတတ်နိုင်တော့။

ဘယ်လိုပဲဆိုဆို ဒီကပ်ကြီးကို ကျော်လွှား လွန်မြောက်ပြီးရင်တော့ ကမ္ဘာ့ဒိုင်မင်းရှင်းတခု ပြောင်းသွားလိမ့်မယ် ထင်တယ်။ ဒိုင်းမေးရှင်းအပြောင်းမှာ ကိုယ့်ဘက်က အဆင်သင့်စဉ် စဉ်းစားပြီးသားရှိနေဖို့ လိုပါတယ်။ လက်ရှိ ကိုဗစ်-၁၉ အန္တရာယ်ကိုလည်း ကာကွယ်ရင်း ဒီကာလရဲ့ ခံစားရမှုတွေ၊ကြုံတွေ့ရမှုတွေကို သင်ခန်းစာအဖြစ် ကောင်းနိုးရာရာ ရွေးချယ်ကျင့်သုံးပြီး အနာဂတ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားကြရမှာပါ။

အထူးသဖြင့် လွှတ်တော်ထဲ ရောက်နေတဲ့ “ဂဏန်းစိမ်း” အဖျက်အင်အားစုတွေကို ကိုဗစ်-၁၉ လှိုင်းနဲ့အတူ ဘယ်လိုဖယ်ရှားကြမလဲ ဆိုတာကို တည်ဆောက်ရေးအင်အားစုတို့ကလည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်။

မြန်မာနိုင်ငံကတော့ “၇၅ ရာခိုင်နှုန်း မပြည့်လို့ “မူလအတိုင်း ထားရှိ”နေချိန်မှာတော့ ကမ္ဘာကြီးကတော့ နောက်ထပ်အချိုးအကွေ့တခုကို သွားဖို့ ကမ္ဘာ့ဒိုင်မင်းရှင်းအသစ်တခု မလွဲမသွေ  ပြောင်းလဲသွားမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013