DVB Logo
Home
သတင်းတို
ကိုယ့်အားကိုယ်ကိုး လုံခြုံရေး ဆောင်ရွက်နေ
DVB
·
March 26, 2013
Donate to DVB

အကြမ်းဖက်မှု ဖြစ်ပေါ်မလာစေရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရဲတပ်ဖွဲ့ လုံခြုံရေးတွေ တိုးမြှင့်ချထားပေးနေသလို မြို့နယ်၊ ရပ်ကွက်အတော်များများမှာလည်း ကိုယ့်အားကိုယ်ကိုး လုံခြုံရေး ချထားပြီး ဆောင်ရွက်နေကြောင်း မတ် ၂၅ ရက်နေ့ညက ကိုယ်တိုင် လှည့်လည် ကြည့်ရှုခဲ့သူ မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေနဲ့ မြို့နယ်တချို့မှာ ရပ်ကွက်သားတွေ ကိုယ့်အားကိုယ်ကိုး လုံခြုံရေး ဆောင်ရွက်နေတာဖြစ်ပြီး ဒီလို လုံခြုံရေးဆောင်ရွက်ခြင်းအားဖြင့် အကြမ်းဖက်မှုတွေ ရှိလာခဲ့ရင် ကြိုတင် ဟန့်တားနိုင်မယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မှာ အကြမ်းဖက်ဆူပူမှု ဖြစ်အောင် လှုံ့ဆော်မှု လုပ်ခဲ့သူတွေရှိပေမယ့် ဒါဟာ အဖွဲ့အစည်းတခုခုက စနစ်တကျ အကွက်ချ စီစဉ်တာလား၊ လူတွေကပဲ သူတို့ဘာသာ သူတို့ လုပ်တာလားဆိုတာကိုတော့ ကောက်ချက်မချနိုင်သေးဘူးလို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

မတ် ၂၄ ရက်နေ့ ညသန်းခေါင်အချိန်တွေမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ တာမွေမြို့နယ် မအူကုန်း ရပ်ကွက်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ အော်ဟစ်လှုံ့ဆော်သူ လူတစုကြောင့် ရပ်ကွက်နေ ပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

Townace ကား ၁ စီးနဲ့ ဂျစ်ကား ၁ စီးပေါ်က လူတစုဟာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်ဖို့ လိုက်လံလှုံ့ဆော် အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ကြပ်မတ်ဆောင်ရွက်နေပြီး ကောလာဟလသတင်းတွေကို ပြည်သူတွေ မယုံကြည်ကြဖို့နဲ့ ကောလာဟလသတင်း ထုတ်လွှင့်သူကို သိရှိပါက ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ပူးပေါင်းကူညီကြဖို့ မနေ့ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အင်တာနက်ဆိုင်၊ အလှပြင်ဆိုင်နဲ့ တည်းခိုခန်းတွေကို ည ၉ နာရီကနေ မနက် ၄ နာရီအထိ ဖွင့်လှစ်ရောင်းချတာ မပြုလုပ်ဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013