DVB Logo
Home
မြန်မာသတင်း
လက်ရှိပဋိပက္ခဖြေရှင်းရေး မူ ၆ ရပ်ဖြင့် ကိုင်တွယ်ရန် ဆုံးဖြတ်
DVB
·
March 25, 2013
လက်ရှိပဋိပက္ခဖြေရှင်းရေး မူ ၆ ရပ်ဖြင့် ကိုင်တွယ်ရန် ဆုံးဖြတ်
Donate to DVB

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကိုင်တွယ်နိုင်ရေးအတွက် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က မူဝါဒ ၆ ရပ်ကို ချမှတ်လိုက်ပါတယ်။

သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြေလည်စေဖို့ ဆွေးနွေးပြီး မူ ၆ ရပ်နဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ သဘောတူညီလိုက်ကြပါတယ်။

[caption id="attachment_37805" align="alignleft" width="300" caption="မတ်လ ၂၃ ရက်နေ့တွင် တွေ့မြင်ရသည့် မိတ္ထီလာမြို့ အပျက်အစီး မြင်ကွင်း"][/caption]

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ မနေ့က မိတ္ထီလာမြို့မှာ တွေ့ဆုံပြီး သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီမူ ၆ ချက်ကို ဖတ်ကြားပြခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်တဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက ဦးအောင်မင်း ဖတ်ကြားပြတဲ့ မူ ၆ ချက်ကို ခုလို ပြောပါတယ်။

“ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ အမြန်ဆုံးအဆုံးသတ်သွားဖို့ တရားဥပဒေစိုးမိုးရေးကို အဓိကထားလုပ်ဆောင်သွားမယ်။ နောက်နောင် ဒီကိစ္စမျိုးမဖြစ်အောင် တားဆီးသွားမယ်။ နောက် ဒုက္ခသည်တွေ အမိုးအကာအောက် လုံခြုံစွာရောက်ရှိဖို့။ ဒုက္ခသည်တွေ အမြန်ဆုံးအိမ်ပြန်နိုင်ရေးဆောင်ရွက်ဖို့ဆိုတာမျိုး။ နောက် ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာအကူအညီပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ နောက်ဆုံးအချက်ကတော့ နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ယုံကြည်မှု၊ နားလည်မှုရအောင် အလုပ်ရုံဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်ဆောင်သွားမယ်ဆိုတာတွေ ဖြစ်ပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ ကယ်ဆယ်ရေးစခန်းတွေနဲ့ အခင်းဖြစ်ရာ မိတ္တီလာမြို့ ပေါ်မှာ လိုက်လံကြည့်ရှုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“မနေ့က လ၀က ၀န်ကြီး၊ သမ္မတရုံးဝန်ကြီး၊ သာသနာရေး ဒု-၀န်ကြီးရယ်နဲ့ ကယ်ဆယ်ရေး ဒု-၀န်ကြီးရယ် မစ္စတာ နမ်ဘီးယားနဲ့အတူ ဒုက္ခသည်တွေကို သွားကြည့်ခဲ့တယ်။ ဒုက္ခသည်တွေအတွက် ရှေ့ကို ပိုမိုကောင်းမွန်တဲ့ပုံစံမျိုးရဖို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။”

ဒီတွေ့ဆုံပွဲမှာ မစ္စတာ နမ်ဘီးယားက မိတ္တီလာမြို့မှာ ဖြစ်ပျက်ခဲ့တာတွေဟာ  မြန်မာကို သာမက ကမ္ဘာကိုပါ ရိုက်ခတ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။  အကြမ်းဖက်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ အစိုးရက ပြောပြီး ဖြစ်ပါကြောင်း၊ မြန်မာလူမျိုးတွေဟာ သည်းခံစိတ်ထားတဲ့လူမျိုးတွေ ဖြစ်တယ်ဆိုတဲ့ ကောင်းမွန်တဲ့ပုံရိပ်ကို ဆက်ထိန်းထားဖို့ လိုအပ်ကြောင်းနဲ့ အဆိုပါပုံရိပ်ကို အစိုးရက ဝိုင်းဝန်း ထိန်းသိမ်းပေးမယ်လို့ မျှော်လင့်ပါကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မိတ္ထီလာမြို့ ဖြစ်ရပ်ဟာ ဝမ်းနည်းစရာဖြစ်ပြီး နောက်ထပ် ထပ်မံဖြစ်ပွားမှာကို စိုးရိမ်နေတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အစိုးရက တပ်မတော်သားများ ပို့ဆောင်ပြီး တရားဥပဒေ စိုးမိုးရေးအတွက် ထိန်းကျောင်း လုပ်ဆောင်ခြင်းအပေါ် အများကြီး ကျေနပ်မိပါကြောင်းနဲ့ ဒုက္ခသည်စခန်းတွေမှာ အစားအစာနဲ့ ရေလုံလောက်စွာ ရ၍ မိမိအနေဖြင့် စိတ်သက်သာရာ ရမိပါတယ်လို့ ပြောပါတယ်။ စိုးရိမ်ကြောင့်ကြ ဖြစ်နေကြမယ့်အစား ထပ်မံ မဖြစ်ပွားဖို့  ကြိုးစား ဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ မစ္စတာနမ်ဘီးယားက ပြောဆိုခဲ့ပါတယ်။

မတ် ၂၀ ရက်ကစပြီး အကြမ်းဖက် မီးရှို့မှုတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ဟာ အခုလက်ရှိအချိန် တည်ငြိမ်စပြုနေပြီဖြစ်ပြီး မိတ္ထီလာမြို့ ကယ်ဆယ်ရေးစခန်း ၅ ခုက ဒုက္ခသည် စုစုပေါင်း ၉၆၄၄ ဦးတို့ရဲ့ ကျန်းမာရေး၊ နေထိုင် စားသောက်ရေးကိစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးနေနေကြောင်း မတ် ၂၄ ရက်နေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိတ္ထီလာမြို့၊ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာ၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာနဲ့ ရွှေဒါးသာစည်ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဆူပူအကြမ်းဖက်သူတွေလို့ ယူဆရတဲ့သူ ၃၅ ဦးကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013