DVB Logo
Home
Lead Story
မြန်မာတို့အတွက် COVID-19  ခေါင်းလောင်းထိုးသံ - အယ်ဒီတာအာဘော်
DVB
·
March 24, 2020
မြန်မာတို့အတွက် COVID-19  ခေါင်းလောင်းထိုးသံ - အယ်ဒီတာအာဘော်
Donate to DVB

“ပြည့်လျှံလို့ကျကာမှ တားတာက အချိန်မီတားတာလောက် မကောင်းဘူး”

ဤစကားရပ်မှာ တရုတ်ပညာရှိကြီး လောင်ဇူ၏ ‘တောက်တဲ့ကျမ်း’ထဲက ဖြစ်သည်။ မြန်မာတို့ကတော့ “မီးကို မလောင်မီတား”ဟု ဆိုသည်။ အင်္ဂလိပ်တို့ကမူ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏”ဟု ဆိုကြသည်။ အဓိပ္ပာယ်ကား အတူတူပင်။ ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အကာအကွယ်ပြုကြရန်ပင် ဖြစ်သည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီးသည် နိုင်ငံပေါင်း ၁၉၀ ကျော် ကူးစက်ပြန့်ပွားခဲ့သည်။ မြန်မာနိုင်ငံကိုလည်း သီးသန့် ချန်လှပ်မထားတော့ပေ။ အမေရိကန်နှင့် အင်္ဂလန်ပြန် အမျိုးသား ၂ ဦးတွင် COVID-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပြီဖြစ်ကြောင်း မတ် ၂၃ ရက် ညသန်းခေါင်ယံအချိန် ရောက်ခါနီးတွင် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြု ကြေညာလိုက်ပေပြီ။

COVID-19 ဗိုင်းရပ်စ်ရောဂါကူးစက်မှု နိုင်ငံအတွင်း ပိုမိုပျံ့နှံ့မသွားရန်နှင့် အသေအပျောက် မရှိစေရန် အစိုးရနှင့် ပြည်သူအားလုံး ပူးပေါင်းကာ အရှိန်မြှင့်ပြီး အစွမ်းကုန် တားဆီးကာကွယ်ရန် အချိန်ရောက်ပြီဟု အချက်ပေး ခေါင်းလောင်း ထိုးလိုက်ခြင်းလည်း ဖြစ်သည်။ 

မြန်မာနိုင်ငံ၌ အတည်ပြုလူနာ မတွေ့ရှိခင်ကတည်းက ရောဂါကြိုတင်ကာကွယ်သည့် အစီအမံများကို အစိုးရက ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေခဲ့ပြီး ဖြစ်သည်။ တကိုယ်ရေ သန့်ရှင်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကျန်းမာရေးပေးလုပ်ငန်းများကိုလည်း မီဒီယာများတွင် လည်းကောင်း၊ လူအများစုရှိတတ်သော ဘတ်စ်ကားမှတ်တိုင်များတွင် လည်းကောင်း၊ ပန်းခြံများတွင် လည်းကောင်း သရုပ်ပြ လုပ်ဆောင်နေကြသည်။ အထူးသဖြင့် လက်ကို ဘယ်လို စင်ကြယ်အောင် ဆေးမလဲဆိုသော အချက်ပင်။ ဤသည်မှာ ရောဂါကူးစက်ပြန့်ပွားမှု နည်းပါးစေရန် အကောင်းဆုံးနည်းဟုလည်း ဆိုကြသည်။

မြန်မာပြည်သူတို့အနေဖြင့် ဆင်းရဲကြသလို ကျန်းမာရေးဗဟုသုတလည်း နည်းပါးခဲ့ကြသည်။ လက်ရေဆေးသန့်စင်ခြင်းကို ရှေးယခင်ကတည်းက အလေးအနက်ထား လုပ်ဆောင်ခဲ့ခြင်း ရှိဟန်မတူ။ တချိန်က မည်သို့ပင်ရှိစေကာမူ ယနေ့ကဲ့သို့ ကမ္ဘာ့ကပ်ဘေး ကြုံရသည့် အခြေအနေမျိုးတွင် တကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးဗဟုသုတတို့ကို မြန်မာပြည်သူအားလုံး အထူးအလေးထား၍ လုပ်ဆောင်ကြရန် လိုအပ်ပေသည်။

COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် အရေးပေါ် ကြေညာထားပြီး အချို့နိုင်ငံများက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို  အချို့သောနိုင်ငံများက ပြည်အဝင်အထွက် ပိတ်လိုက်ကြသည်။ ရွှေ့ပြောင်းလုပ်သားများအား မိခင်နိုင်ငံ ပြန်ပို့ခဲ့ကြသည်။ 

မြန်မာပြည်တွင်လည်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ မြန်မာရွှေ့ပြောင်းလုပ်သားများ ပြည်တော်ပြန်ခဲ့ကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ အစုလိုက်အပြုံလိုက် ပြန်လာနေကြသည်။  မိမိနိုင်ငံသားများ ဖြစ်သဖြင့်လည်း နှင်ထုတ်၍မရဘဲ အစိုးရတိုင်းက သတိဖြင့် ကြိုဆိုခဲ့ကြသည်။ ကြိုတင်အကာအကွယ်လုပ်ခဲ့ကြသည်။ ဆရာဝန်များ၊ သူနာပြုများ နေ့မအားညမအား လုပ်အားပေးခဲ့ကြသလို ရောဂါကာကွယ်တားဆီးရေးအတွက် ပရဟိတအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သံဃာတော်များပါမကျန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေကြသည်မှာ  ဂုဏ်ယူချီးကျူးစရာပင်။ ဆရာဝန် မလုံလောက်သည့်အတွက် လုပ်အားပေးဆရာဝန်များကလည်း ကူညီလုပ်ဆောင်ပေးနေကြသည်မှာလည်း ဝမ်းမြောက်ဖွယ်ပင်။ အရေးအကြောင်းဆိုလျှင် မြန်မာတို့၏ ရိုင်းပင်းစိတ်များ ထွက်ပေါ်လာမြဲပင်။

သို့ရာတွင် ဘိလပ်ပြန်မောင်သောင်းဖေတို့ လူတစုက ၁၄ ရက်ကြာ သီးသန့်ထားရှိချိန် ကာလအတွင်း ယာယီလူနေဆောင်ထားပေးခြင်းအပေါ် ငြင်းဆန်ကန့်ကွက်သောအသံများ ထွက်ပေါ်လာသည်။ နိုင်ငံ ဆင်းရဲသော်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးနေသည်ကိုပင် အပြစ်မြင်ခဲ့ကြသည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။ ယခု အဆိုပါ ဘိလပ်ပြန်နှင့် အမေရိကန်ပြန်များထဲက  ၂ ဦး ရောဂါစစ်ဆေးတွေ့ရှိသဖြင့် ပြည်ပက ပြန်လာသူများကို အသေအချာ ပိုမိုစောင့်ကြည့်စစ်ဆေးသင့်သည်မှာ အထင်အရှား ဖြစ်သည်။ 

ပြည်တော်ပြန် ရွှေ့ပြောင်းလုပ်သားအများစုက မငြင်းမဆန် ယာယီစခန်း၌ အစစ်ဆေး ခံခဲ့ကြသော်လည်း အစစ်ဆေးမခံသူများလည်း ရှိသည်။ ထို့အပြင် နယ်စပ်ရှိ တရားမဝင်လမ်းကြောင်းက ပြန်ဝင်လာသည့်‌ ရွှေ့ပြောင်းလုပ်သားများကိုလည်း  ကျန်းမာရေး စစ်ဆေးရန် လိုအပ်နေသေးသည်။ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၂ ဦး၊ စင်ကာပူနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး COVID-19 ရောဂါကူးစက်ခံနေရပြီး ထိုင်းမှ ပြန်ဝင်လာသည့် မြန်မာအလုပ်သမားတချို့လည်း သံသယလူနာအဖြစ် စောင့်ကြည့်ခံနေရသည်။ 

ပြည်ပနိုင်ငံများမှ ပြန်လာသူအပေါင်းသည် အများအကျိုးအတွက် ကျန်းမာရေး စစ်ဆေးမှုကို ကျေကျေနပ်နပ် ခံယူသင့်သလို မိမိနေအိမ်နေရပ် ပြန်ရောက်ပါကလည်း ရောဂါ ဖြန့်ချိသူ မဖြစ်အောင် တာဝန်သိစိတ်ဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ နေအိမ်တွင် အသွားအလာကန့်သတ်ဖြင့် ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာ နေထိုင်သင့်ပေသည်။   

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ကျန်းမာရေးသတိဖြင့် လိုက်နာနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013