DVB Logo
Home
မြန်မာသတင်း
အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ အရေးပေါ်အခြေအနေ သီတင်းနှစ်ပတ် စတင်
DVB
·
March 24, 2020
အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ အရေးပေါ်အခြေအနေ သီတင်းနှစ်ပတ် စတင်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရေးအတွက် အာရှပစိဖိတ်ဒေသအတွင်း ခုသီတင်းပတ်မှာ နိုင်ငံတွေ တနိုင်ငံပြီး တနိုင်ငံ လူအသွားအလာ အဝင်အထွက်တွေ ကန့်သတ် ပိတ်ချနေပါတယ်။

အရှေ့တောင်အာရှဒေသအတွင်း အကြီးဆုံးမြို့ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ရုပ်ရှင်ရုံတွေ အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေကို ပိတ်လိုက်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးဌာနတွေကိုတော့ အကန့်အသတ်နဲ့ ခွင့်ပြုပါတယ်။

အရေးပေါ်အခြေအနေ သီတင်းပတ်နှစ်ပတ်ဟာ မတ် ၂၃ ရက်မှာ စတင်ပြီမို့ လူတွေ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ထိန်းချုပ်ရေး လုံလောက်အောင် မလုပ်ထားဘူးလို့ ပညာရှင်တချို့က ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက ချမှတ်သလို ပိုတင်းကျပ်တဲ့ ပိတ်ပင်မှုတွေ လုပ်ဖို့ လိုသေးတယ်လို့လည်း မီဒီယာတွေက သုံးသပ်ပါတယ်။

သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောပြီး အေးရှန်းဂိမ်း ၂၀၁၈ ကျင်းပချိန်က တည်ဆောက်ခဲ့တဲ့ အားကစားကျေးရွာကို အရေးပေါ် ဆေးရုံသစ်အဖြစ် ဖွင့်လှစ်ထားတဲ့ နေရာဆီ သွားရောက်လည်ပတ်ပါတယ်။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ဒေသအတွင်း အလုပ်လုပ်တဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ဝန်ထမ်းတွေဟာ တလကို အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၉၀၀ ထိ ဆုကြေးရကြမယ်လို့ ဝီဒိုဒိုက ပြောပါတယ်။

ဂျကာတာမြို့တော်သာမက အရှေ့ဂျာဗားဒေသကိုလည်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

နိုင်ငံတွင်း အဝင်အထွက် အသွားအလာ ပိတ်ချလိုက်လို့ သောင်တင်နေတဲ့ နိုင်ငံခြားသားတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက နေထိုင်ခွင့် သက်တမ်း တိုးပေးခဲ့ပါတယ်။ ဖိလစ်ပိုင်မြို့တော် မနီလာမှာ သောင်တင်နေတဲ့ လုပ်သားတွေနဲ့ အိမ်ခြေမဲ့တွေ ဘေးကင်းရေး ယာယီခိုလှုံရေးဌာနကို အစိုးရက စီစဉ်ပေးထားပါတယ်။

သူတို့ကို စားစရာနဲ့ ရေချိုးခန်း အသုံးအဆောင်တွေ နေ့စဉ် စီစဉ်ပေးမယ်လို့ ဂေဟာက လူမှုဝန်ထမ်း လော့ဒတ်စ်ပေနိုလိုစာက ပြောပါတယ်။

ယာယီတဲ ၁၀၀ မှာ ခုတော့ ၆၀ က လူပြည့်နေပါပြီ။ မနီလာ လူမှုဖူလုံရေး ဖွံ့ဖြိုးမှု ဦးစီးဌာနက အိမ်ခြေမဲ့တွေနဲ့ သောင်တင်နေတဲ့ လူတွေကို ဧပြီလထဲမှာ ရောဂါခြေချုပ်ကာလ ပြီးဆုံးချိန်ထိ ဆက်ပြီး စောင့်ရှောက်နေရာပေးထားမယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ခရီးသွားကန့်သတ်ချက်တွေကြောင့် ရင်ဆိုင်ဖူးသမျှ အကြီးဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရလို့ စင်ကာပူလေကြောင်းလိုင်းတွေက လေယာဉ် ၉၆ ရာခိုင်နှုန်း ရပ်နားထားရတယ်လို့ လေကြောင်းလိုင်းက မတ် ၂၃ ရက်မှာ ပြောပါတယ်။

ကမ္ဘာ့ခရီးသွားလာမှု အချက်အချာ စင်ကာပူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်မှာ ခရီးတထောက်နား ခရီးသည်တွေနဲ့ ပုံမှန်ခရီးသည်တွေအတွက် နယ်စပ်တွေကို ပိတ်ပစ်ခဲ့ရတာပါ။

လေကြောင်းလိုင်းရဲ့ ရှယ်ယာတန်ဖိုးဟာလဲ ၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ၂၀၀၈ နောက်ပိုင်း တရက်တည်း အများကြီး တန်ဖိုးကျဆင်းမှု ဖြစ်တာပါ။ ကမ္ဘာတလွှားက လေကြောင်းလိုင်းတွေ အများအပြားဟာလည်း သူတို့ လေယာဉ်တွေကို ရပ်ထားရပြီး ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို လစာမဲ့ ခွင့်ယူဖို့ စီစဉ် အမိန့်ထုတ်ခဲ့ရပါတယ်။

သြစတြေးလျ အစိုးရကလည်း မတ် ၂၃ ရက်ကစပြီး တနိုင်ငံလုံးကို ပိတ်ချမှု ပုံစံသစ်နဲ့ တင်းတင်းကျပ်ကျပ် စည်းကြပ်လိုက်ပါတယ်။

ယမကာဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လောင်းကစားရုံတွေ ပိတ်ဖို့ အစိုးရက မတ် ၂၂ ရက်မှာ အမိန့်ထုတ်လိုက်တာပါ။ ပြည်နယ်အများစုက တခြားနေရာက ခရီးသွားတွေ မဝင်နိုင်ဖို့ နယ်စပ်တွေကို ပိတ်ချခဲ့ပါတယ်။ ရောဂါကပ်ဘေး သက်ရောက်မှုကို ထိန်းချုပ်ဖို့ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၀၆ ဘီလီယံ အပိုထောက်ပံ့မယ်လို့လည်း ပြည်ထောင်စုအစိုးရက ကတိပေးထားပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒါန်ကတော့ သူ့နိုင်ငံမှာ အမြင့်ဆုံး တပ်လှန့်မယ်လို့ မတ် ၂၃ ရက်မှာ ပြောပါတယ်။ မရှိမဖြစ်မဟုတ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းအားလုံး ကျောင်းတွေနဲ့ ရုံးတွေ အားလုံး လာမယ့် ၄၈ နာရီအတွင်း ပိတ်ထားမယ်လို့ ပြောပါတယ်။

စူပါမားကက်တွေနဲ့ ဆေးဆိုင်တွေကတော့ ဆက်ဖွင့်ထားမယ်။ နိုင်ငံထဲမှာ အခြေခံ ကုန်စည်တွေ လုံလောက်အောင် ဖြန့်ဖြူးပြီးသား ဖြစ်နေပြီလို့လည်း သူက ပြောပါတယ်။

ကျောင်းတွေကို မတ် ၂၄ ရက်က စပြီး ပိတ်မှာပါ။ ဘဏ္ဍာရေးဝန်ကြီးကလည်း ငှားရမ်းခတွေကို ရပ်ထားတာနဲ့ လစာ အမတော်ကြေး အစီအစဉ်တွေကို အရင်အပတ်က ကြေညာခဲ့ပါတယ်။ အပေါင်ထားချေးငွေတွေအတွက်လည်း ထောက်ပံ့ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013