DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်လုပ်ရပ် လှုံ့ဆော်မှုကြောင့် မင်္ဂလာတောင်ညွန့်ပြည်သူများ ထိတ်လန့်
DVB
·
March 25, 2013
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်တွေ လုပ် ဆောင်ဖို့ အော်ဟစ်လှုံ့ဆော်သူ လူတစုကြောင့် ရပ်ကွက်နေပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။

မတ် ၂၄ ရက်ည သန်းခေါင်းယံအချိန်မှာ Townace ကား ၁ စီးနဲ့ ဂျစ်ကား ၁ စီးပေါ်က လူတစုဟာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်ဖို့ လိုက်လံ လှုံ့ဆော် အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် မဆလာစက် ကားမှတ်တိုင်ရှေ့ ရပ်ကွက်နေ ပြည်သူတွေ ဆက်သွယ်အကြောင်းကြားတာကြောင့် အဲ့ဒီနေရာကို ရောက်သွားတဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးသက်ဇော်က အခုလိုပြောပါတယ်။

“လူ ၁၅ ယောက်လောက်တင်ထားတဲ့ Townace ကား ၁ စီးနဲ့ ဂျစ်ကား ၁ စီး ရပ်ကွက်လမ်းထိပ်မှာ သံပြိုင် လာအော်သွားတယ်တဲ့။ သတ်ပစ်၊ မီးရှို့ဟေ့ဆိုပြီး အော်သွားတော့ ကြောက်ပြီး တုတ်တွေကိုင်ပြီး ဆင်းပြေးလာကြတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာပေါ့။ ကျနော်တို့ရောက်သွားတော့ ရှင်းပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဝင်လာမှာမဟုတ်ဘူး ကိုယ့်အိမ်မှာကိုယ်နေ။ လမ်းထဲမှာ အခုလို စိုးရိမ်စိတ်၊ ကြောက်စိတ်နဲ့ တရုန်းရုန်းစုနေရင် အဲဒါက လှုံ့ဆော်ချင်သူတွေ၊ ဖွချင်သူတွေအတွက် အစ ရသွားမယ်။ ဒါကိုက နောက်ထပ် အစတစ ဖြစ်သွားမယ်ဆိုပြီး မေတ္တာရပ်ခံပြီး သူတို့ကို ကိုယ့်အိမ်ထဲကိုယ် နေခိုင်းပါတယ်။”

အဲ့ဒီနောက် သူတို့အဖွဲ့ဟာ ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီးထံ ဆက်သွယ်သတင်းပို့ ပြောကြားတဲ့အခါ လုံခြုံရေးချထားတဲ့အကြောင်း အကြောင်းပြန်တယ်လို့ ပြောပါတယ်။

သူတို့ ရောက်ရှိနေချိန်အတွင်း ရဲဆိုင်ကယ် ၇ စီး ကင်းလှည့်နေတာလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

၈၈ အဖွဲ့ အဲ့ဒီရပ်ကွက်ကနေ ပြန်လည်ထွက်ခွာပြီး ၅ မိနစ်လောက်အကြာမှာ ထပ်ဖြစ်ပြန်ပြီဆိုပြီး တယ်လီဖုန်း ၀င်လာတဲ့အတွက် ပြန်လှည့်သွားခဲ့ပါတယ်။

အရင်အော်ဟစ်သွားတဲ့ ရပ်ကွက်ရဲ့ အခြားတဘက်ထိပ်ကနေ အဲ့ဒီကား ၂ စီးပေါ်က လူတွေက ထပ်မံ အော်ဟစ်ပြန်တဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ၀ိုင်းလိုက်တဲ့အခါ ကားမောင်း ထွက်ပြေးသွားကြတယ်လို့ ဦးသက်ဇော်က ပြောပါတယ်။

ရဲတွေ ကင်းလှည့်နေတဲ့ကြားက ဒီကား ၂ စီး အခုလို လှည့်ပတ်လှုံ့ဆော်နေနိုင်တာကိုလည်း သူတို့အနေနဲ့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ရဲတွေ ပတ္တယောင်လှည့်နေတဲ့ကြားက ဘယ်လိုဖြစ်လို့ ဒီလို ဆူပူအောင် လှုံ့ဆော်နေတာလဲ၊ အော်နေတာလဲဆိုတာ စိတ်ပူမိတယ်။ စိတ်ဝင်စားစရာဖြစ်နေတယ်။ နောက် တာဝန်ရှိသူတွေက ဒီလိုဖြစ်နေတာကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာလဲ။ ဒီလို ထိတ်လန့်မှုဖြစ်နေတဲ့ ရပ်ကွက်တွေမှာ လမ်းထိပ်တွေမှာ ရဲလုံခြုံရေးတွေ အမြဲချထားဖို့လိုတာပေါ့။ ရဲတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ရှိနေဖို့လိုတယ်။ ပတ္တယောင်လှည့်တဲ့ ရဲကလွဲလို့ ကျန်တာ ဘာမှမတွေ့ရပါဘူး။ နောက် ဆက်တိုက်ဖုန်းတွေ ၀င်ပါတယ်။ ၁၂၃ လမ်းထိပ်မှာလည်းပဲ Townace ကားတစင်းနဲ့ ရပ်ကွက်ထိပ်မှာ မီးရှို့မယ်ဟေ့၊ သတ်ပစ်လို့ အော်သွားတာကို ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက အစ္စလာမ်ဘာသာဝင်တွေတင်မဟုတ်ပါဘူး။ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေရော ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းကို အားလုံးပူးပေါင်း စောင့်ရှောက်ကာကွယ်ရမယ်ဆိုပြီး အားလုံးဝိုင်းထွက်ပြီး လှုံ့ဆော်သူတွေကို ဖမ်းမယ်ဆိုပြီး ကြိုးစားတယ်။ ဒါပေမယ့် လှုံ့ဆော်သူတွေဟာ ရဲဆိုင်ကယ်တွေသွားပြီး မရှေးမနှောင်းမှ ရောက်ရောက်လာတာမျိုး တခြားရပ်ကွက်တွေမှာလည်း ဆက်တွေ့နေရတယ်။”

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ဒီနေ့ မွန်းလွဲပိုင်းမှာ မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နဲ့ မြို့နယ်လုံခြုံရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

“အဓိကကတော့ ကျမတို့ အခုလို အကြမ်းဖက်သမားတွေ ရှိနေတယ်ဆိုတဲ့ပုံစံမျိုး မြင်ရတယ်။ ဒါဘယ်လိုကြောင့် ဖြစ်တယ်ဆိုတာ ပြည်သူတွေကို သိအောင်လည်း ကျမတို့က သေသေချာချာ ရှင်းပြရမယ်။ အခု အစည်းအဝေးခေါ်ပြီးတော့ ဖြစ်နေတဲ့ပြဿနာရပ်တွေကို သေချာနားလည်ဖို့နဲ့ ရပ်ကွက်ထဲမှာရှိနေတဲ့ ပြည်သူတွေ သေချာနားလည်အောင် ရှင်းပြမှာပါ။ လာပြီးတော့ လှုံ့ဆော်တာပဲဖြစ်ဖြစ်၊ သွေးထိုးတာပဲဖြစ်ဖြစ် သက်ဆိုင်ရာက အကြမ်းဖက်မှု လုပ်ဆောင်တဲ့သူတွေကို သူတို့ သေသေချာချာ ကိုင်တွယ်ဖြေရှင်းပေးပါဆိုပြီး ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်လို့ ပြည်သူတွေ အေးအေးချမ်းချမ်းနေဖို့ လုံခြုံရေးနဲ့ပတ်သက်ပြီးလည်း ကျမတို့ဘက်ကလည်း ရပ်ကွက်အလိုက် တာဝန်ယူသလို၊ အုပ်ချုပ်ရေးအပိုင်း ရဲဌာနကလည်း သက်ဆိုင်ရာ တာဝန်တွေကို ယူပါမယ်ဆိုပြီး ပြည်သူတွေသိအောင် လုပ်မှာပါ။”

မင်္ဂလာတောင်ညွန့်ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျရဲဝန်ထမ်းက အခုလို ပြောပါတယ်။

“ကား ၂ စင်းနဲ့ဖြစ်စဉ်က ကျနော်တို့ဆီမှာမရှိဘူး။ ရဲတွေကတော့ လုံခြုံရေးပေးနေတယ်။ လမ်းသူလမ်းသားတွေက စောင့်ကြပ်နေကြတာလည်းရှိတယ်။ လုံခြုံရေးအဖွဲ့တွေသွားတော့လည်း ကားတွေမတွေ့ဘူးဗျ။ စခန်းအဖွဲ့တွေဟာ လှည့်ကင်းရယ်၊ ရဲကားတွေ လုံခြုံရေးအပြည့်နဲ့ ဆောင်ရွက်နေပါတယ်။”

အလားတူ မနေ့ည ၁ နာရီ ၀န်းကျင်လောက်ကလည်း တာမွေမြို့နယ် မအူကုန်း ရပ်ကွက်အတွင်းမှာ အမည်မသိ လူတစုရဲ့ ဆူပူဟစ်အော်မှုကြောင့် ရပ်ကွက်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိတ္ထီလာ၊ လယ်ဝေးနဲ့ ရမည်းသင်းမြို့နယ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေမှာ ပါဝင်တယ်လို့ ယူဆရသူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူသွားမယ်လို့ မတ် ၂၄ ရက်မှာ အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013