DVB Logo
Home
မြန်မာသတင်း
သံဃာစာမေးပွဲများ ရက်ရွှေ့ဆိုင်း
DVB
·
March 25, 2013
သံဃာစာမေးပွဲများ ရက်ရွှေ့ဆိုင်း
Donate to DVB

မြို့နယ်တချို့မှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့အတွက် သာသနာရေးဝန်ကြီးဌာနက စာဖြေသံဃာတော်တွေကို ဒီလကုန်ပိုင်း ကျင်းပဖို့ရှိတဲ့ ဓမ္မစရိယ၊ ပထမပြန်စာမေးပွဲတွေကို သင်္ကြန်ပြီးနောက်ပိုင်းမှ ကျင်းပတော့မယ်လို့ သိရပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပညာရေးဌာနက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပြီး လက်ရှိ မြို့နယ်တချို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးစိုးဝင်းက  “ဓမ္မစရိယရော၊ ပထမပြန်စာမေးပွဲရောပါ၊ ယာယီရွှေ့ဆိုင်းတာပါ။ သင်္ကြန်အပြီး နှစ်သစ်ကူးပြီးရင်တော့ ဘယ်တော့ပြန်ဖြေရမယ်ဆိုတာ ပြန်ကြေညာပေးမှာပါ" လို့ပြောပါတယ်။

နဂိုသတ်မှတ်ချက်မှာ ဓမ္မစရိယတန်းဟာ မတ် ၂၉ ရက်နေ့ကနေ ဧပြီ ၆ ရက်နေ့ထိ၊ ဧပြီ ၄ ရက်ကနေ ၁၀ ရက်နေ့ထိက ပထမပြန်စာမေးပွဲ ကျင်းပဖို့ ရှိတာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဓမ္မစရိယတန်းမှာ စာဖြေဌာန ၅၀ လောက်နဲ့ စာဖြေသံဃာ ၃ သောင်းနီးပါးရှိပြီး ပထမပြန်တန်းမှာ စာဖြေဌာန ၂၃၈ ဌာနနဲ့ စာဖြေသံဃာ ၆ သောင်း ၄ ထောင်ပါး ရှိပါတယ်။

ဒီနှစ်ဟာ စာမေးပွဲကို ပြည်နယ်နဲ့တိုင်းတွေက မေးခွန်းနဲ့ ဖြေရတာမဟုတ်ဘဲ ဗဟိုက မေးခွန်းတိုက်ရိုက် ကိုင်တွယ်တာဖြစ်တဲ့အတွက် ခုလက်ရှိ အခြေအနေတွေပေါ်မူတည်ပြီး စာမေးပွဲဆိုင်းငံ့တာလို့ ဦးစိုးဝင်းက ပြောပါတယ်။

“လက်ရှိနိုင်ငံတွင်းမှာ တချို့မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားတာလေ။ အလားတူ ပထမပြန်စာမေးပွဲဆိုတာ ဒီနှစ်မှ စနစ်သစ်နဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေလို တနိုင်ငံလုံး အတိုင်းအတာနဲ့ တပြိုင်တည်း ဖြေဆိုရတဲ့စနစ် လုပ်ထားတာလေ။ အရင်က သူ့တိုင်းဒေသကြီး၊ ပြည်နယ်က သီးသန့်မေးခွန်းမေးတာ။ အခုက ဗဟိုက တိုက်ရိုက်မေးတာဆိုတော့ တချိန်ထဲတပြိုင်တည်း ဖြေဆိုရမှာ ဆိုတော့ အခုလို ယာယီရွှေ့ဆိုင်းတာ ဖြစ်ပါတယ်။”

မန္တလေးတိုင်း မိတ္ထီလာမြို့က ရွှေဆိုင်တဆိုင်မှာ ဖြစ်တဲ့ပြဿနာက အစပြုလို့ အကြမ်းဖက်မီးရှို့လို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ပေမယ့် မနိုင်တာကြောင့် မိတ္ထီလာခရိုင်တွင်းက ၄ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

အကြမ်းဖက်မှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ရသလို အိမ်ခြေ ၁၀၀ လောက် မီးလောင်ပြီး လူထောင်ပေါင်းများစွာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

မတ် ၂၂ ရက်နေ့က မိထ္ထီလာမှာ ၁၀ တန်း စာမေးပွဲနောက်ဆုံးနေ့ ဖြေတဲ့ ကျောင်းသားတွေကို နေအိမ်အနီး နီးစပ်ရာကျောင်းတွေမှာ ဖြေဆိုခိုင်းခဲ့ပြီး မြို့က နည်းပညာတက္ကသိုလ်နဲ့ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တွေကိုလည်း ရက် အကန့်အသတ် မရှိ ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013