COVID-19 ရောဂါကုသရေး အထောက်အကူပြုဆေးဝါးများ တပ်မတော် လှူဒါန်း
DVB
·
March 22, 2020

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ငှက်ဖျားရောဂါကုသဆေးကို နယ်စပ်ဒေသမြို့တွေက ဆေးရုံတွေကို လှူဒါန်းခဲ့တယ်လို့ တပ်မတော်က မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေတဲ့ တရုတ်၊ သြစတြေးလျ၊ အမေရိကန်၊ စပိန်၊ နော်ဝေနဲ့ ထိုင်းနိုင်ငံတို့မှာ အဲဒီရောဂါကို ငှက်ဖျားရောဂါကုသတဲ့ဆေးဖြစ်တဲ့ Chloroquine (ကွီနိုင်း) ကို သုံးပြီး ကုခဲ့ရာမှာ အထောက်အကူဖြစ်ခဲ့လို့ သိရကြောင်း ဖော်ပြထားပါတယ်။
အဲဒီ Chloroquine ဆေးဟာ တပ်မတော်မှာ သုံးနေတဲ့ ငှက်ဖျားရောဂါ ကုသဆေးဝါးတမျိုး ဖြစ်တာကြောင့် တပ်မတော်မှာ အရန်ထားတဲ့ အဲဒီဆေးကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် တပ်မတော်ဆေးရုံတွေမှာရှိတဲ့ Chloroquine ဆေးတွေကို ထုတ်နုတ်ပြီး မနေ့က သွားရောက်ပေးအပ် လှူဒါန်းခဲ့တာပါ။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာ လွယ်ဂျယ်နဲ့ ကန်ပိုက်တီမြို့က ပြည်သူ့ဆေးရုံ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ လားရှိုးမြို့၊ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့၊ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့တို့က ပြည်သူ့ဆေးရုံတွေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာ လွိုင်ကော်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေမှာ တာချီလိတ်မြို့နဲ့ မိုင်းဆက်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေမှာ ဘုရားသုံးဆူမြို့နဲ့ မြဝတီမြို့၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေမှာ ထီးခီး၊ မောတောင်ဒေသနဲ့ ကော့သောင်းမြို့နယ်တို့က နယ်မြေခံ ကျန်းမာရေး ဝန်ထမ်းတွေကို သွားရောက်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။