DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာပဋိပက္ခ အနည်းဆုံး လူ ၂၀ ကျော် သေဆုံးဟုဆို
DVB
·
March 23, 2013
မိတ္ထီလာပဋိပက္ခ အနည်းဆုံး လူ ၂၀ ကျော် သေဆုံးဟုဆို
Donate to DVB

မိတ္ထီလာမြို့မှာ သုံးရက်ကြာတဲ့ ပဋိပက္ခအတွင်း သေဆုံးသွားသူ အနည်းဆုံး ၂၀ ကျော်ရှိပြီး ဒဏ်ရာနဲ့ ဆေးရုံရောက်နေသူ ၃၀ ကျော် ရှိတယ်လို့ မျက်မြင်တွေနဲ့ မိထ္ထိလာမြို့မှာ အကူအညီပေးနေသူတွေက ပြောပါတယ်။

မနေ့ကအထိ ပဋိပက္ခတွေ ဖြစ်ခဲ့လို့ အရေးပေါ် အခြေအနေ ကြေညာထားရတဲ့  မိတ္တိလာမြို့ရဲ့ အခြေအနေဟာ ပြန်လည်တည်ငြိမ်စပြုနေပြီး ဒုက္ခသည် ထောင်ပေါင်းများစွာကို ပြန်လည်နေရာချဖို့ အစီအစဉ် စတင်နေပြီလို့ သိရပါတယ်၊

ပဋိပက္ခထဲမှာ အိုးအိမ်စွန့် ထွက်ပြေးရတဲ့ ဒုက္ခသည် အရေအတွက်ကတော့ နှစ်သောင်း ကျော်မယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) မိတ္ထီလာအမတ် ဦးဝင်းထိန်က ပြောပါတယ်။

[caption id="attachment_37759" align="alignright" width="300" caption="မွတ်စလင်ဒုက္ခသည်များ"][/caption]

“အောက်ခြေမှာ ကျနော်ကိုယ်တိုင်တွေ့တာတွေရယ်၊ ကျနော်တို့အဖွဲ့သားတွေ တဆင့်ကြားမဟုတ်ဘဲ မျက်မြင်တွေ့တာတင် သေဆုံးသူ ၂၀ ကျော်လောက်ရှိတယ်။ မွတ်စလင် ဒုက္ခသည်တွေက ဘောလုံးကွင်းမှာ ၉၀၀၀ လောက်ရှိတယ်။ အမှတ် ၁ ရဲစခန်းမှာ ၅၀၀၀ လောက်ရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာ ပျံ့နှံ့နေတဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်တွေက ၇၀၀၀ လောက်ရှိတယ်။”

ဒုက္ခသည်တွေထဲက ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေ အများစုကတော့ နေအိမ်တွေကို ပြန်သွားကြပြီး မွတ်စလင်တွေကတော့ နေအိမ်တွေ မီးလောင်သွားတဲ့အတွက် လောလောဆယ် ပြန်စရာ အိမ်မရှိသေးဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်၊ အခုဖြစ်သွားတဲ့ ပဋိပက္ခမျိုး သူ့သက်တမ်းမှာ တခါမှ မကြုံခဲ့ရဘူးလို့ ပြောပါတယ်။

အရေးပေါ် အကူအညီနဲ့ ပြန်လည်နေရာချထားရေးကိစ္စတွေကလည်း အချိန်ကြာဦးမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“မိတ္ထီလာမှာ တခါမှ မကြုံဖူးဘူး။ ၈၈ အရေးတော်ပုံဖြစ်တုန်းကလည်း ဒီလောက်မဆိုးဘူး။ တရုတ်-ဗမာအရေးအခင်းတုန်းကလည်း ဒီလောက်မဆိုးဘူး။ အခုတခါ အရမ်းဆိုးဝါးတဲ့ အနေအထားရောက်သွားတော့ မိတ္တီလာသားတယောက်အနေနဲ့ ရှက်လည်း ရှက်တယ်။ ၀မ်းလည်းနည်းတယ်။ နောက်တခုက သေသွားတဲ့၊ ဒဏ်ရာရာသွားတဲ့ မွတ်စလင်တွေက လူမျိုးမတူဘူးဆိုသော်လည်းပဲ အထိုက်အလျောက်ကာကွယ်ပေးရမယ့် ၀တ္တရားရှိတယ်။ အလားတူ ဗုဒ္ဓဘာသာတွေကိုလည်း ရန်မဖြစ်ဖို့နဲ့ အကာအကွယ်ပေးဖို့ ၀တ္တရား ရှိတယ်။ ဗုဒ္ဓဘာသာမို့လို့ နှိမ်လို့မဖြစ်သလို၊ မွတ်စလင်မို့လို့လည်း နှိမ်လို့ မဖြစ်ဘူး။ လူ့အသိုင်းအ၀ိုင်း ၂ ခုကို ပြန်ပြီးပြေလည်အောင် ကျနော်တို့ အများကြီးကြိုးစားရမယ်။ ပြန်လည်နေရာချထားရေးက ဒု-၀န်ကြီးတယောက်လည်း လာပြီး အခြေအနေ စုံစမ်းသွားတယ်။ သူတို့လည်း တတ်နိုင်သလောက်ကူညီပါ့မယ်၊ ကျနော်တို့လည်း လုပ်နိုင်သလောက်လုပ်ပါဆိုတဲ့ ယာယီသဘောတူချက်တော့ ရထားတယ်။”
ဒီနေ့ နေ့လယ်ပိုင်းမှာ မိထ္ထိလာမြို့ ခရိုင်ဘောလုံးကွင်းက ဒုက္ခသည်တွေကို မြို့ပေါ်က စာသင်ကျောင်း ၆ ကျောင်း ပြောင်းရွှေ့နေရာချနေပါတယ်။
မန္တလေးကနေ အကူအညီပေးဖို့ ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဦးညီညီကျော်က “အားလုံးကို ရွှေ့မှာပါ။ တချို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေပြီးတော့ တချို့ ကွင်းပြင်မှာရောက်နေတယ်။ အားလုံး နေရာတွေက ပြန့်ကြဲနေတာကို အကူညီပေးတဲ့နေရာမှာ စနစ်တကျဖြစ်ဖို့အတွက် ၆ နေရာခွဲထားပေးတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပြန်စရာ နေရာမရှိဖြစ်သွားတဲ့အတွက် ဒီကိစ္စက ကြာကြာဖြစ်ဦးမယ့်သဘော ရှိပါတယ်။ စိတ်ပိုင်း ရုပ်ပိုင်းတော်တော် ချွတ်ယွင်းတဲ့အနေအထားမျိုးမှာ ရှိတယ်။ အာဏာပိုင်တွေဘက်ကလည်း စစ်ကားတွေနဲ့ ဒုက္ခသည်တွေကို သည်ပို့ပေးနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့က သံဃာတော်အပါး ၅၀ ၀န်းကျင်ကလည်း မိထ္ထိလာမြို့ကို ရောက်နေပြီး ဆေးဝါးပစ္စည်းတွေ၊ စားစရာသောက်စရာ၊ ဆန် ၂၅ အိတ်ကိုလည်း ဒုက္ခသည်တွေကို အကူအညီပေးခဲ့တယ်လို့ ကိုယ်တော် ဦးဝိသုတက မိန့်ကြားပါတယ်။ သံဃာတော်တွေဟာ ဆေးရုံကိုလည်း သွားရောက်ပြီး ဒဏ်ရာရ လူနာတွေကို ဆေးဝါးပစ္စည်းတွေနဲ့ အလှူငွေပေးအပ်ခဲ့တယ်လို့ မိန့်ပါတယ်။

အောက်ခြေမှာ အခြေအနေတွေ ပြန်လည် တည်ငြိမ်နေပြီဆိုပေမယ့် ဒုက္ခတွေကြားထဲမှာ အကြောက်တရား လွှမ်းမိုးနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013