
အာဆီယံနဲ့ မြန်မာစစ်အာဏာရှင်ကိုယ်စားလှယ်တို့ရဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဟာ အာဆီယံအဖွဲ့ကြီးတခုလုံးရဲ့ စုပေါင်းရပ်တည်ချက် ပြောင်းလဲသွားတာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင် ၁၂ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာနဲ့အညီ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနဲ့ အကျိုးစီးပွားတွေအတွက် အခုလို ဆွေးနွေးပွဲပြုလုပ်တာကို အိမ်ရှင်နိုင်ငံရဲ့ သံတမန်ရေးရာနဲ့ ၂ နိုင်ငံဆက်ဆံရေး ဆောင်ရွက်ချက်အဖြစ် နားလည်နိုင်ပေမဲ့၊ အာဆီယံရဲ့ မူဘောင်ဟာ ဘုံသဘောတူညီချက် ၅ ချက်သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
လက်ရှိ အာဆီယံ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုဟာ သံတမန်ရေးရာ တွေ့ဆုံမှုမရှိလို့မဟုတ်ဘဲ၊ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အကြမ်းဖက်စစ်အာဏာရှင်ဘက်က ဆက်တိုက်ငြင်းဆန်နေတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ ဘုံသဘောတူညီချက်ထွက်ပေါ်ပြီး ၅ နှစ်ကျော်ကြာတဲ့အထိ စစ်အာဏာရှင်ဟာ အရပ်သားတွေအပေါ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို လျှော့ချတာမရှိတဲ့အပြင်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုပါ ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ်ကြောင်း NUG က ထောက်ပြထားပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဟန်ချက်ညီညီ စုပေါင်းချဉ်းကပ် ဆွေးနွေးဖို့ လိုအပ်ပြီး၊ သီးခြားစီ ခွဲခြားတွေ့ဆုံနေတာမျိုးဟာ စစ်အာဏာရှင်ရဲ့ သွေးခွဲအုပ်ချုပ်တဲ့ ဗျူဟာအတွက် အသုံးချခံရနိုင်ခြေရှိကြောင်း NUG က သတိပေးထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင် ၁၂ ရက်က စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးကို ဘယ်လိုရှေ့ဆက် ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဒီအစည်းအဝေးကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကယောင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပြီး၊ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက အစည်းအဝေးကို ဦးဆောင်ခဲ့ပါတယ်။










