DVB Logo
Home
ကျန်းမာရေး
ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံကို မရောက်ခင် ဘာပြင်ဆင်ထားသင့်လဲ
DVB
·
March 21, 2020
ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံကို မရောက်ခင် ဘာပြင်ဆင်ထားသင့်လဲ
Donate to DVB

ခဏလောက်လေးနဲ့ ပြီးသွားမှာပါ၊ ပျောက်သွားမှာပါလို့ ထင်ထားခဲ့တဲ့ ကိုရိုနာ ပြင်းထန် အဆုတ်ရောင်ရောဂါဟာ ယခု မတ်လမှာ ဆိုရင် တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ထိ ပျံ့နှံ့နေပါပြီ။ ကူးစက်ခံရသူပေါင်း ၁၇၀၀၀၀ ကျော်၊ သေဆုံးသူ ဦးရေ ၆၅၀၀ နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေး အဖွဲ့အစည်း ဖြစ်တဲ့ (WHO) ကပါ ကပ်ရောဂါ (Pandemic) အဆင့်သို့ သတ်မှတ်လိုက်ပါပြီ။

ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ မြန်မာနိုင်ငံဆီကို ရောဂါပိုး ရောက်ရှိလာခြင်း မရှိသေးဘူး ဆိုပေမယ့် စိတ်အေးလက်အေး နေနေရမယ့် အချိန်တော့ မဟုတ်တော့ပါဘူး။ ခုလို ပြောလို့ အကြောက်လွန်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူးနော်။ ကိုယ့်ဘက်က ကာကွယ်စရာရှိတာတွေ ကာကွယ်မယ်၊ အကယ်လို့သာ မြန်မာနိုင်ငံဆီကို ရောက်လာခဲ့ရင် ပြည်တွင်း ပြည်ပ ထွက်ခွင့် အကုန်ပိတ်ပင်ခံရတော့မှာ ဖြစ်သလို စားနပ်ရိက္ခာ ပြတ်လပ်တာမျိုးတွေထိ ဖြစ်လာနိုင်တဲ့အတွက် ခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ ဒီဆောင်းပါးကို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

ဘာတွေ ပြင်ဆင်ထားကြမလဲ။


၁။ ဆပ်ပြာ၊ လက်သန့်စင်ဆေးရည်တွေ ဆောင်ပါ။


ကိုရိုနာ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးဖို့ အဓိက နည်းလမ်းကတော့ လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောခြင်းပါပဲ။ အရာဝတ္ထုတိုင်းနဲ့ ထိတွေ့နေရတဲ့ ကျွန်တော်တို့ရဲ့ လက်တွေမှာ ရောဂါပိုးတွေဟာ အချိန်ပြည့် ကပ်ငြိနေနိုင်ပါတယ်။ ဒီလို မသန့်ရှင်းတဲ့ လက်တွေနဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ပွတ်တာ၊ ကိုင်တာ၊ ထည့်လိုက်တာမျိုးကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာဖြစ်ပါတယ်။ ဒါကြောင့် အဓိက မရှိမဖြစ် လက်ဆေးဆပ်ပြာတွေ၊ ရေမလို လက်သန့်စင်ဆေးရည်တွေကို ဝယ်ထားဖို့ အရေးကြီးပါတယ်။

၂။ အသုံးလိုတဲ့ ရိက္ခာတွေကို ဆောင်ထားပါ။


မရှိမဖြစ် လိုအပ်တာဆိုရင် စားစရာပါပဲ။ ရောဂါကို ကုသပေးနိုင်မယ့် ဆေးပေါ်ထွက်လာဖို့၊ အချိန်ဘယ်လောက် စောင့်ရမလဲ မသိသေးတဲ့ ကာလတစ်ခုကို စောင့်ဆိုင်းဖို့ တာရှည်ခံမယ့် စားစရာတွေ ဝယ်ခြမ်းပြီး သိုလှောင်ထားသင့်ပါတယ်။ အေးခဲထားတဲ့ အစားအစာတွေ၊ တာရှည်ခံ စားစရာတွေ ဖြစ်တဲ့ ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး၊ စားစရာ အခြောက်အခြမ်းမျိုးတွေ ဝယ်ထားပါ။

တခြားအနေနဲ့ လူကြီးမိဘတွေနဲ့ နေမကောင်း ဖြစ်နေသူတွေအတွက် Mask ဝယ်ထားပါ။ N95 Mask ဝယ်ဖို့ ငွေကြေး၊ ပစ္စည်းအခက်အခဲ ဖြစ်နေရင် ရိုးရိုး Surgical Mask မျိုးနဲ့ မှန်ကန်စွာ အသုံးပြုလို့လည်း ရပါတယ်။ ကိုယ့်အိမ်၊ မိသားစုအတွက် လိုအပ်တဲ့၊ အရေးကြီးတဲ့ ပစ္စည်း၊ ဆေးဝါး၊ တစ်သျှူးတွေကိုလည်း ဝယ်ထားပါ။

၃။ ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းတွေကို အမြဲစောင့်ကြည့်နေပါ။


ကိုရိုနာ အဆုတ်ရောင်ရောဂါနဲ့ ပတ်သက်ပြီး ရောဂါပိုး တွေ့ရှိသူ ရှိမရှိဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ သတင်းအခြေအနေ အားလုံးကို ကျန်းမာရေး ဝန်ကြီးဌာနကနေ အမြဲ ထုတ်ပြန်ပေးနေတဲ့အတွက် သတင်းမှားတွေကို မယုံဘဲ သေချာချင့်ချိန်ပြီးမှ ယုံကြဖို့၊ အရမ်း အကြောက်မလွန်ဖို့ကို ထပ်ပြီး သတိပေးချင်ပါတယ်။ ကျွန်တော်တို့ Hello ဆရာဝန်ကနေလည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို အမြဲ တင်ဆက်ပေးသွားမှာဖြစ်လို့ မိဘပြည်သူအားလုံး ယုံကြည်စွာနဲ့ စောင့်ကြည့်လေ့လာလို့ ရပါတယ်။

၄။ လူများလွန်းတဲ့ နေရာတွေကို ရှောင်ပါ။


ပွဲလမ်းသဘင်ဆိုတာ အချိန်မရွေး ပြန်လည်ကျင်းပလို့ ရတဲ့ အရာပါ။ ကျန်းမာရေးကြောင့် ကိုယ့်အသက်သာမက ကိုယ့်ကြောင့်ပါ တခြားသူတွေ ဒုက္ခရောက်သွားမှာကို အမြဲ ငဲ့တွေးပါ။ လူအရမ်းများလွန်းတဲ့နေရာမှာ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကျန်းမာရေးအသိရော၊ ကျင့်ဝတ်တွေ နည်းလွန်းတဲ့အတွက် မဆင်မခြင် ချောင်းဆိုးတာ၊ နှာချေတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီအခါမှာ အဲ့ဒီလူအနားမှာ ရှိနေတဲ့ လူတွေအကုန်လုံးကို ကူးစက်သွားမယ့်အပြင် ဒီလူတွေ အိမ်ပြန်ရောက်လာတဲ့အခါ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ထပ်ပြီး ကူးစက်သွားမှာပါ။

ကိုရိုနာ အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေက ကူးစက်ခံရပြီး ၂ရက်မှ ၁၄ရက်အတွင်းမှသာ ပြတတ်တာဖြစ်တဲ့အတွက် ကိုယ့်မှာ ရောဂါပိုး ရှိလို့ ရှိမှန်းမသိဘဲ လူပေါင်း ရာနဲ့ ချီပြီး ရောဂါဖြန့်နေမိသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လူများလွန်းတဲ့ နေရာတွေကို လုံးဝ မသွားဖို့ ဒီဆောင်းပါးကနေ ထပ်ပြီး သတိပေးချင်ပါတယ်။

သတင်းအမှားတွေ ယုံပြီးတော့လည်း အရမ်းမကြောက်ပါနဲ့။ ကာကွယ်ရမယ့် နည်းလမ်းတွေ၊ ပြင်ဆင်စရာ ရှိတာတွေ အားလုံး ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေတယ်၊ ကိုယ့်မိသားစုကိုလည်း ဒီရောဂါအကြောင်းကို သေချာ ပြောပြပြီး အသိပေးထားမယ်ဆိုရင် အရမ်းကြောက်နေစရာ မလိုပါဘူးနော်။ အားလုံးပဲ ကိုရိုနာ အဆုတ်ရောင် ကပ်ဘေးရန်မှ လွတ်မြောက်ပြီး တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်စွာနဲ့ ဘဝနေ့ရက်တွေကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013