DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည် ၁၀၀၀ ကျော်ကို မိတ္ထီလာ ခရိုင်အားကစားကွင်းတွင် နေရာချ
DVB
·
March 22, 2013
ဒုက္ခသည် ၁၀၀၀ ကျော်ကို မိတ္ထီလာ ခရိုင်အားကစားကွင်းတွင် နေရာချ
Donate to DVB

မိတ္ထီလာမြို့မှာ မနေ့က လက်တွေမြှောက်ပြီး စီတန်းလှည့်လည်လာတဲ့ ရတနာမာန်အောင် အနောက်ဘက်ခြမ်းက အရပ်သားတွေ (အစ္စလာမ်ဘာသာဝင်) ကို မိတ္ထီလာ ခရိုင်အားကစားကွင်း ဘက်ကို ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက နေရာချပေးခဲ့တယ်လို့ မိတ္ထီလာမြို့ခံ ဗကသ ကျောင်းသားတဦးက ပြောပါတယ်။

မိတ္ထီလာမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မီးရှို့မှုတွေကြောင့် သူတို့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ယူဆပြီး လက်တွေမြှောက်ပြီး စီတန်းလှည့်လည်ခဲ့ကြတာလို့ ဆိုပါတယ်။

“မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေ များလာတယ်လို့ သူတို့ ယူဆတဲ့အတွက်၊ လုံခြုံတဲ့နေရာကို မရောက်မချင်း အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သူတို့ ယူဆတဲ့အတွက် ၈၈ မျိုးဆက် မိတ္ထီလာခရိုင်နဲ့ အမျိုးသားရေးလူငယ်အဖွဲ့က ဦးဆောင်ပြီး သူတို့ကို ခေါ်သွားတယ်။”

မနေ့ညက သူတို့အတွက် မိတ်ဆွေတွေက ရေသန့်ဘူးတို့၊ အာဟာရ ဖြစ်စေမယ့် မုန့်တွေ သွားပို့တယ်လို့ ကြားရကြောင်းနဲ့ သက်ဆိုင်ရာရဲ့ နောက်ပိုင်းစီစဉ်ချက်ကိုတော့ သူမသိဘူးလို့ ပြော ပါတယ်။

မိတ္ထီလာမြို့ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်ကလည်း “ခရိုင်အားကစားကွင်းမှာ ၉၀၀ လောက်ရောက်နေတယ်။ ရဲစခန်းမှာ ၂၀၀ ကျော်လောက်ရောက်နေတယ်။ ရပ်ကွက်ထဲက အစ္စလာမ်ဘာသာဝင်တွေကို ကယ်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။

ဗကသ ကျောင်းသားတွေကလည်း တိမ်းရှောင်ခိုလှုံလာတဲ့ ဒုက္ခသည်တွေအတွက် နေထိုင်စားသောက်ရေး ကူညီဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဗကသ ကျောင်းသားက ပြောပါတယ်။

“ဒုက္ခသည်တွေအတွက် ရန်ကုန်-မန္တလေးမှာရှိတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ အကုန်လုံးကို ဖိတ်ထားတယ်။ ကြေညာချက်လည်း ထုတ်ထားတယ်။ တခြား မွတ်စလင်ကျောင်းသားအဖွဲ့အစည်းတွေကရော လှူဒါန်းလို့ရအောင် ချိတ်ထားပါတယ်။ အဲဒါပြီးရင် သံဃာ့မဟာနာယကအဖွဲ့တွေနဲ့ တိုင်ပင်ပြီး ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးမယ်လို့ စီစဉ်ထားပါတယ်။ အခုလက်ရှိ သူတို့ရဲ့ စားဝတ်နေရေးက ဘယ်လိုမှန်း မသိသေးဘူး။”

လက်ရှိ မိတ္ထီလာမြို့မှာ တပ်မတော် တပ်မ ၉၉ တပ်မချုပ် ရှိပေမယ့် ၀င်ရောက်ကိုင်တွယ်တာ မတွေ့ရသလို မိတ္ထီလာမြို့ လုံခြုံရေးအပိုင်းကို တာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့တွေကလည်း ထိရောက်စွာ မထိန်းသိမ်းကြဘူးလို့ ပြောပါတယ်။

“တကယ်တမ်းကျတော့ ပစ်ခတ်နှိမ်နင်းမှုကလည်း ထိရောက်မှုမရှိဘူး။ မနေ့က တိုင်းက ရဲမှူးကြီးတွေကိုယ်တိုင်လာတယ်။  သူတို့ရှေ့မှာပဲ မြို့ထဲက ဆိုင်တဆိုင်ကို ၀င်ရောက်ဖျက်ဆီးနေတာ။ ဒါပေမယ့် သူတို့ ကားလေးကို အသာလေး ရပ်လိုက်တယ်။ မှတ်တမ်းတင်ကင်မရာ ရိုက်တယ်၊ ပြီးတာနဲ့ ပြန်ထွက်သွားကြတယ်။”

မိတ္ထီလာမှာ အခုလက်ရှိ ဈေးဆိုင်တွေအကုန်လုံးလည်း ပိတ်ထားကြပြီး လူတွေလည်း ကြောက်ရွံ့နေကြတယ်လို့ မြို့ခံ ဗကသ ကျောင်းသားက ပြောပါတယ်။

“တခုမှ မဖွင့်ဘူး၊ အကုန်လုံး ပိတ်ထားတယ်။ မြို့ခံတွေ အကုန်လုံးကလည်း ကြောက်ရွံ့နေကြတယ်။ ကိုယ့်ရပ်ကွက် လုံခြုံရေးအရ ကိုယ်နဲ့သာ ဆိုင်တယ်ဆိုပြီး အကုန်လုံခြုံရေး ယူနေကြတယ်။ သက်ကြီးရွယ်အိုတွေကတော့ အကုန်လုံး တခြားမြို့ရွာတွေ ပြောင်းပြေးကုန်ကြတယ်။”

မိတ္ထီလာမှာ အကြမ်းမီးရှို့မှုတွေကို ပြုလုပ်နေကြသူအချို့ဟာ မြို့ခံတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ ခန့်မှန်းကြည့်ရသလောက် သူတို့ဟာ မြို့အစွန်ဘက်ကလို့ပဲ ယူဆတယ်။ မြို့ခံ လူငယ်တွေ မဟုတ်ဘူး။”

အစိုးရရဲ့ မနေ့က ထုတ်ပြန်ချက်အရ ပဋိပက္ခဖြစ်စဉ်ကြောင့် သံဃာတော် ၁ ပါး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး အပါအ၀င် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာရရှိပြီး မိတ္ထီလာဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေရတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ အခြေအနေတွေကို သတင်းရယူနေတဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေရဲ့ ကင်မရာတွေကို အကြမ်းဖက်လူအုပ်စုအချို့က အတင်းအဓမ္မသိမ်းယူသလို ရိုက်နှက်မယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတယ်လို့လည်း သတင်းလွတ်လပ်ခွင့်ကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013