DVB Logo
Home
သတင်းတို
မိတ္ထီလာတွင် သတင်းထောက်များ ခြိမ်းခြောက်ခံနေရ
DVB
·
March 22, 2013
Donate to DVB

အကြမ်းဖက်မီးရှို့မှုတွေအပါအ၀င် မိတ္ထီလာမြို့မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ အခြေအနေတွေကို သတင်းရယူနေတဲ့ ပြည်တွင်းပြည်ပသတင်းထောက်တွေရဲ့ ကင်မရာတွေကို အကြမ်းဖက်လူအုပ်စုအချို့က အတင်းအဓမ္မသိမ်းယူသလို ရိုက်နှက်မယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတယ်လို့ သတင်းလွတ်လပ်ခွင့်ကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

မိတ္ထီလာမြို့မှာ အကြမ်းဖက်သမားတွေက မီဒီယာတွေကို ရန်ပြုခြိမ်းခြောက်ပြီး အရုပ်တွေ အသံတွေကို ဖျက်ခိုင်းခဲ့ကြတယ်လို့ ကိုယ်တိုင်ကြုံခဲ့ကြတဲ့ မီဒီယာသမားတွေက ပြောပါတယ်။

မနေ့က ဓာတ်ပုံရိုက်လို့ ဓားနဲ့ခြိမ်းခြောက်ခံရတဲ့ ဒီဗွီဘီသတင်းထောက်တဦးက “မြို့ထဲမှာ ဓာတ်ပုံသွားရိုက်တာ။ ဗလီရှေ့ရောက်တော့ ဗလီကို ကျနော်တို့က ဓာတ်ပုံရိုက်လိုက်တာ။ ၂၀ လောက်ရှိတဲ့ အကြမ်းဖက်သူတွေက သူတို့ကို ဓာတ်ပုံရိုက်တယ်ဆိုပြီး ၀ိုင်းထားပြီး ကားပေါ်ကဆင်းဆိုပြီး တုတ်တွေ၊ ဓားတွေနဲ့ ခြိမ်းခြောက်ပြီး ကင်မရာတွေ အတင်းဆွဲယူတယ်။ မပေးတော့ ၂ ဦးက မန်မိုရီကတ်တွေပေးတဲ့။ ပေးလိုက်တော့မှ ကျနော်တို့ကို လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။

ဒီဗွီဘီသတင်းထောက် နောက်တဦးကလည်း သူ ကြုံတွေ့ရတဲ့ မီဒီယာသမားတွေအပေါ် အကြမ်းဖက်အုပ်စုရဲ့ တားမြစ်ပုံကို ခုလို ပြောပါတယ်။
“၂၁ ရက်နေ့ မြို့နယ်စာရင်းစစ်ချုပ်ရုံးရှေ့ သီရိမင်္ဂလာရပ်ကွက်မှ မီးလောင်နေတာကို မှတ်တမ်းယူနေတဲ့အချိန်မှာ အဲဒီမှာ နေထိုင်တဲ့သူတစုက မန်မိုရီကတ်ကို ဖျက်ပေးပါဆိုပြီး ပြောလာတယ်။ အဲဒီအချိန်မှာ အဲနားက အအေးရောင်းနေတဲ့သူက ဒါငါတို့နဲ့သိတယ်ဆိုပြီး ကျနော် သတင်းထောက်ကတ်ပြမှ အဆင်ပြေသွားတယ်။”

အမျိုးသမီးသတင်းထောက် တဦးကလည်း သူသတင်းရယူတာကို မယူဖို့နဲ့ အကြမ်းဖက်မှုကို ၀င်ရောက်ကျူးလွန်ဖို့အထိ ခြိမ်းခြောက်ပြောဆိုတာခံရတယ်လို့ ဆိုပါတယ်။

“မီဒီယာသမားတွေကို ပေးမရိုက်ဘူး။ ရိုက်တာနဲ့ မင်းတို့ကို အကုန်သတ်ပြီး မီးရှို့ပစ်မယ်ဆိုပြီးပြောတယ်။ တော်တော်လျှို့လျှို့ဝှက်ဝှက် ရိုက်ရတယ်။ ကင်မရာ ထုတ်ချိန်တာပဲဖြစ်ဖြစ် ရိုက်နေတာကို မြင်ရင် သူတို့ရောက်လာပြီး ခြိမ်းခြောက်တယ်။ မင်းတို့ ရိုက်ချင်ရင် ၀ါးလုံးနဲ့ ရိုက်တဲ့။ ဗွီဒီယို လာရိုက်ရင်တော့ မင်းကို ပြန်ရိုက်မှာပဲဆိုပြီး ပြောပါတယ်။”

သတင်းလွတ်လပ်ခွင့်ကော်မတီရဲ့ထုတ်ပြန်ချက်မှာတော့ မိထ္တီလာမြို့မှာ  သွားရောက်သတင်းယူနေတဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို အထူးစိုးရိမ်ပြီး သတင်းသမားတွေအပေါ် ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ် ဖိအားပေးခြင်းတွေအပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ကြေညာချက်က ဆိုပါတယ်။

အစိုးရတာဝန်ရှိသူတွေ၊ မိဘပြည်သူတွေအနေနဲ့ သတင်းမှန်တွေကို တင်ပြနိုင်ရေး ကြိုးပမ်းနေတဲ့ သတင်းမီဒီယာသမားတွေရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ပေးဖို့နဲ့ သတင်းသမားတွေအနေနဲ့လည်း လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုကြဖို့လည်း  တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013