DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ကယားပြည်နယ်တွင်း နွေရာသီသင်တန်းကျောင်းအားလုံး ဆိုင်းငံ့
DVB
·
March 18, 2020
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ကယားပြည်နယ်တွင်း နွေရာသီသင်တန်းကျောင်းအားလုံး ဆိုင်းငံ့
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ ကယားပြည်နယ်မှာ နွေရာသီ သင်တန်းကျောင်းများ အပါအဝင် မူကြိုနှင့်ကလေး ထိန်းကျောင်း၊ ဘာသာရေးနွေရာသီကျောင်းတွေအားလုံး ရပ်ဆိုင်းထား လိုက်ပါတယ်။ 

ကယားပြည်နယ်၊ မြို့နယ်အသီးသီးမှာ အခုနွေရာသီကာလမှာ ဖွင့်လှစ်မယ့် သင်တန်းကျောင်း အားလုံး ရပ်ဆိုင်းထားဖို့ ပြည်နယ်ပညာရေးဌာနအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေဆီကို ညွှန်ကြားချက်ပေးထားတယ်လို့ ပြည်နယ်ပညာရေးမှူး ဦးစောအယ်ဒိုဝါးက ပြောပါတယ်။  

“သင်တန်းတွေလုပ်မယ့်အပိုင်းနဲ့ပတ်သက်ပြီးတော့ WHO ရဲ့ COVID-19 သည် ကမ္ဘာ့ ကပ်ရောဂါဖြစ်ကြောင်း  ကြေညာချက်အပေါ် လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဆိုင်းငံ့ရမည့် သင်တန်းဆွေးနွေးပွဲများဆိုပြီးတော့ အခြေခံကျောင်းတွေကို ထုတ်ပြန်အသိပေးပြီးဖြစ်ပါတယ်။  ဆိုပါစို့ ကျနော်တို့နွေရာသီမှာ ဘာလုပ်မလဲဆိုရင် ဧပြီလအတွင်းဆိုရင် ကာယပညာနှင့် အားကစား အခြေခံသင်တန်း၊ နောက်တခါ ကိုယ်ပိုင်ကျောင်းဆရာရာမများ၏ အရည်အသွေးမြင့် သင်တန်း၊ ပြီးတော့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် Grade 7 သင်တန်းတွေကိုလည်း ကျနော်တို့ ရပ်နားထားတာပေါ့။ ”

ဒီသင်တန်းကျောင်းတွေကို ဧပြီလ ၃၀ ရက်အထိ ရပ်ဆိုင်းထားပေးဖို့နဲ့ လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်မယ်ဆိုပြီးလည်း  ညွှန်ကြားချက်ထုတ်ထားပါတယ်။ 

ဒါ့အပြင် လွိုင်ကော်မြို့အတွင်း ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်ကျောင်းတွေဆိုရင် နှစ်စဉ် မတ်လ ကုန်လောက်မှ ပိတ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ အခု ရက်ပိုင်းအတွင်းပိတ်ပေးဖို့ ထုတ်ပြန်မှာ ဖြစ်တယ်လို့ ပညာရေးမှူး ဦးစောအယ်ဒိုဝါးက ပြောပါတယ်။ 

အလားတူ မူကြိုနဲ့ကလေးထိန်းသင်တန်းကျောင်းပါအဝင် ဘာသာရေးကျောင်းတွေမှာ ပြုလုပ်လေ့ရှိတဲ့ နွေရာသီသင်တန်းကျောင်း အားလုံးလည်း ဒီကနေ့စပြီး ပိတ်လိုက်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေး အစိုးရတာဝန်ရှိသူရဲ့  ညွှန်ကြားချက်အရ ဒီကနေ့ကစပြီး ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်ထားလိုက်ပြီလို့ ဘာသာရေးကျောင်းမှာ ပညာသင်ပေးနေတဲ့ ဆရာဆရာမ တွေရဲ့ပြောပြချက်အရ သိရပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19ဟာ လူစုလူဝေးများတဲ့နေရာတွေမှာ မြန်မြန်ဆန်ဆန် ကူးစက်လွယ်တာကြောင့် လူစုလူဝေးနဲ့ ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေရပ်ဆိုင်းထားဖို့ သမ္မတရုံးက ပန်ကြားထားတာပါ။

ကမ္ဘာ့နိုင်ငံတွေမှာ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Covid-19 နဲ့ ပတ်သက်ပြီး ပိတ်ပင်မှုတွေ ပြုလုပ်နေသလို မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူမရှိသေးပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့သင်္ကြန်အပါအဝင် ပွဲလမ်းသဘင်တွေကို မကျင်းပဖို့ ထုတ်ပြန်ထား တာပါ။ 

နှစ်စဉ်အခုနွေရာသီကာလတွေမှာဆိုရင် ဘာသာရေးကျောင်းတွေမှာ  တိုင်းရင်းသားဘာသာ စကားတွေ၊ ဂီတ၊ အနုပညာသင်တန်းတွေကို အခမဲ့ ဖွင့်လစ်လေ့ရှိတာဖြစ်ပြီး အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အားလုံးပိတ်ထားလိုက်တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013