
တရုတ်နဲ့ ရုရှားတို့ ပူးပေါင်းပြီး တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ်၊ ချင်းဒေါင်မြို့ကမ်းရိုးတန်းမှာ ဆင်နွှဲခဲ့တဲ့ "Joint Sea-2026" လေ့ကျင့်ခန်းမှာ ကြီးမားတဲ့ တိုက်ရိုက်ပစ်ခတ် ရေကြောင်းလေ့ကျင့်ခန်းကို ဇူလိုင် ၁၁ ရက်က အပြီးသတ်ခဲ့ပါတယ်။
၂ နိုင်ငံ ပေါင်းစပ်တိုက်ခိုက်ရေးစွမ်းရည်တွေကို စမ်းသပ်ခဲ့ပြီး စစ်ရေးမိတ်ဖက်ဖြစ်မှုကို ပိုခိုင်မာစေခဲ့ပါတယ်။
ကြာသပတေးနေ့မှာ စတင်ခဲ့တဲ့ လေ့ကျင့်ခန်းတွေဟာ အပိုင်း ၃ ပိုင်းပါတဲ့ လေ့ကျင့်ခန်းရဲ့ နောက်ဆုံးအဆင့်ပါ။
ပြီးခဲ့တဲ့ ၃ ရက်အတွင်း တရုတ်နဲ့ ရုရှားရေတပ် ရေယာဉ်စုတွေဟာ ပူးတွဲကင်းထောက်ခြင်း၊ လေကြောင်းကာကွယ်ရေးနဲ့ ဒုံးကျည်ကာကွယ်ရေး၊ ရေငုပ်သင်္ဘောရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါတယ်။
ဒီလေ့ကျင့်ခန်းဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ ပူးတွဲစစ်ဆင်ရေးစွမ်းရည်တွေကို သိသိသာသာ မြှင့်တင်ပေးခဲ့ပါတယ်။ လေ့ကျင့်ခန်းရဲ့ ရေကြောင်းအဆင့်မှာ ရေတပ် ၂ ခုလုံးက ရေယာဉ် ၈ စင်းနဲ့ ရေငုပ်သင်္ဘော ၂ စင်း ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
လေ့ကျင့်ခန်းတွေမှာ ပုံသေဇာတ်ညွှန်းမရှိဘဲ စစ်ဆင်ရေးတွေကို စစ်မြေပြင်အခြေအနေတွေ၊ မိုးလေဝသဆိုင်ရာ အချက်တွေနဲ့ရော အချိန်နဲ့ပါ တပြေးညီ ပြောင်းလဲနေတဲ့ နည်းဗျူဟာဆိုင်ရာ အခြေအနေတွေအပေါ် အခြေခံပြီး ပြောင်းလဲချိန်ညှိခဲ့ပါတယ်။
ပါဝင်တဲ့တပ်ဖွဲ့တွေကို ရောနှောအုပ်စုတွေအဖြစ် ဖွဲ့စည်းထားပြီး ရေကြောင်း၊ လေကြောင်းနဲ့ ရေငုပ်သင်္ဘောအခြေပြု ပလက်ဖောင်းတွေကိုသုံးကာ ပေါင်းစပ်ထားတဲ့ နယ်ပယ်ပေါင်းစုံ တိုက်ခိုက်ရေးစနစ်တခုအဖြစ် တည်ထောင်ခဲ့ပါတယ်။
ဇာတ်ညွှန်းမပါတဲ့ လေ့ကျင့်ရေး ချဉ်းကပ်မှုဟာ ရေတပ် ၂ ခုလုံးရဲ့ ပူးတွဲကင်းထောက်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ အမိန့်ပေးညှိနှိုင်းခြင်းနဲ့ ရှုပ်ထွေးတဲ့ သဘာဝနဲ့ လူလုပ်ပတ်ဝန်းကျင်တွေ အောက်မှာ တိကျတဲ့ တိုက်ခိုက်မှု စွမ်းရည်တွေကို ထိထိရောက်ရောက် စမ်းသပ်ခဲ့ပါတယ်။
Source: Reuters










