DVB Logo
Home
ဆောင်းပါး
မင်းအောင်လှိုင် မိုးလင်းလာမလား
DVB
·
May 14, 2026
မင်းအောင်လှိုင် မိုးလင်းလာမလား
Donate to DVB

ရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်မပြုလည်း ဂရုမစိုက်ဘူးလို့ မင်းအောင်လှိုင် မိုက် ဂုဏ်မောက်ပြခဲ့ပေမဲ့ အခုအစိုးရတု ဖြစ်လာပြီးနောက် ပြည်သူရွေးကောက်ခံ အစိုးရပါဗျလို့ ရင်ဘတ် ကြီး ပုတ်၊ပုတ်ပြကာ လူရာဝင်မလား မျက်စပစ်တော့တယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးလို့ ဆိုကြတယ်။ စစ်အုပ်စု ကျိန်းသေပေါက်နိုင်မဲ့ ရွေးကောက်ပွဲအဖြစ် ကြိုတင်ခင်းကျင်းထားပြီးသားလို့လည်း ပြောကြတယ်။ ပြီးတော့ မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူ ညီချက် ၅ ရပ်နဲ့ အာဏာသိမ်းစစ်တပ်ရွေးကောက်ပွဲ ဘယ်လိုမှ ဆက်စပ်လို့မရ၊ တလမ်းစီ ခြားနေ တာလည်း သေချာတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် တရုတ်ရဲ့ ထောက်ခံချက်နဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ခဲ့တယ်။

မြန်မာနိုင်ငံတဝန်း ကွက်ကျားမိုးရွာသလိုမျိုး စစ်တပ် အာဏာသက်ရောက်တဲ့နေရာတွေမှာ ပြည်သူတွေမရှိလည်း မည်ကာမတ္တရွေးကောက်ပွဲ လုပ်ပြခဲ့တယ်။ နိုင်ငံတကာက အဲဒီရွေးကောက်ပွဲ ကို အသိအမှတ်မပြု၊ အာဆီယံကလည်း ဪ…ရွေးကောက်ပွဲလုပ်ခဲ့ပါလားလို့ မှတ်သားထားတဲ့ အဆင့်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဖြစ်လာရင် နောက်တမျိုးစဉ်းစားလာရမှာပဲလို့ မင်းအောင်လှိုင် တွက်ဆခဲ့ ပုံရတယ်။ နိုင်ငံတကာနဲ့ အာဆီယံနည်းနည်းဖြစ်ဖြစ် ကျေနပ်သွားမလားဆိုပြီး သမ္မတကြီး ဦးဝင်းမြင့်ကို ထောင်ကနေ အိမ်ပြန်ပို့ပြ။ ပြီးတော့ နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ ဝှက်နေအိမ်တလုံးဆီ ပြောင်းရွှေ့ချုပ်နှောင်ကြောင်း ဘယ်တုန်းက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံ တပုံနဲ့ ထုတ်ပြန်။ ကျန်တာတွေကတော့ လုပ်မြဲထုံးစံမပျက် ပြည်သူကို ဗုံးမိုးရွာ၊ စစ်ကြောင်းထိုး သတ်ဖြတ်၊ အကြမ်းဖက်စစ်မီးကို လောဘတကြီး တောက်လောင်လျက်။

ဒီလောက်ဆို လုံလောက်ပြီလို့ မင်းအောင်လှိုင် ယူဆခဲ့ပုံရတယ်။ ပြီးတော့ ရွေးကောက်ခံ အစိုးရ ဖြစ်လာခြင်းကြောင့် ဒဏ်ခတ်ခံထားရတဲ့ အာဆီယံထိပ်သီးအစည်းအဝေး မတက်ရ စည်းကမ်းကို ပြန်လည်ပယ်ဖျက်ပေးရမယ်လို့လည်း နေပြည်တော်ကနေ လှမ်းအမိန့်ပေးချင်ပုံရတယ်။ ရွေးကောက်ပွဲတုန်းက ဘယ်သူမှ အသိအမှတ်မပြုလည်း ဂရုမစိုက်ဘူးလို့ ဟိန်းဟောက်ခဲ့ပေမဲ့ အခုတော့ အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ အိပ်မက်တွေ ဘာတွေမက်ကာ နက်ကတိုင်တွေ၊ ကုတ်တွေ အဆင်သင့်ပြင်ထားတဲ့ပုံ။

ဘာပဲဖြစ်ဖြစ် အာဆီယံမှာလည်း စစ်အုပ်စုကို လိုလားတဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ အခိုင်အမာရှိနေပြီး စစ်အုပ်စု အစိုးရတု စတင်တာနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက် လာကာ ကာယကံမြောက် အသိအမှတ်ထိတွေ့ဆက်ဆံခဲ့တာက ကျေနပ်စရာ။

ဒါပေမဲ့၊ အာဆီယံအစည်းအဝေးတွေ မစတင်ခင်မှာပဲ အာဆီယံပြောရေးဆိုခွင့်ရှိသူက စစ်အုပ် စုရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ အာဆီယံနိုင်ငံများကြား ဘုံသဘောတူညီချက်မရသေးဘူးလို့ စဖွင့်လိုက်တာကြောင့် အိပ်မက်ဟာ အိပ်မက်သာ ဖြစ်ကြောင်း နေပြည်တော်စစ်ဗိုလ်ချုပ်တွေ သိလိုက် ရတယ်။

အခြေအနေမဟန်တော့ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ လက်ဝါးချင်းရိုက်ခဲ့ပုံရတဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ကန္တာရထဲ သဲမုန်တိုင်းမိနေတဲ့ ကုလားအုတ်ထုံး နှလုံးမူကာ နှာခေါင်းပဲ ဝင်ခွင့်ရရ၊ ပြီးရင် နောက်တဆင့် ခေါင်းလောက်ဖြစ်ဖြစ် ဝင်ခွင့်ရရေး။တဖြည်းဖြည်း တရွေ့ရွေ့။

စစ်အုပ်စု အစိုးရတု နိုင်ငံခြားရေးဝန်ကြီးလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခွင့် မရရင်လည်း အစိုးရတု နိုင်ငံခြားရေးဝန်ကြီးကို ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့သို့ ဖိတ်ကာ အာစီယံအစည်းအဝေးပြင်ပမှာ မြန်မာ့ရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးကြ ဖို့ အဆိုပြုတယ်။ ပြောရရင် အာဆီယံအစည်းအဝေးကျင်းပရာနေရာသို့ ဒဏ်ခတ်ခံ အစိုးရတုဝန်ကြီးကို တနည်းနည်းနဲ့ ရောက်ရှိစေလိုတဲ့ ထိုင်းအစိုးရရဲ့ စေတနာကြီးမှု။ ထိုင်းအစိုးရက စစ်အုပ်စု အရပ်သားအသွင် မျက်နှာဖုံးစွပ်လိုက်နိုင်ခြင်းနဲ့ အိမ်နီးချင်းဆိုတာကို အခွင့်ကောင်းယူကာ စတင်ခြေလှမ်း လှမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်လို့ဆိုရင်လည်း မမှား။

ထိုင်းအစိုးရရဲ့ ကုလားအုတ်သီအိုရီ ပထမခြေလှမ်းကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာကြောင့် ပျက်ပြယ်သွားပြီး ဗီဒီယိုစနစ်နဲ့သာ အွန်လိုင်းကနေ တွေ့ဆုံကြမယ်လို့ သတင်းတွေက ဆိုတယ်။

မေ ၈ ရက်၊ အာဆီယံထိပ်သီးအစည်းအဝေးအပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကိုစ့်ရဲ့  သတင်းစာရှင်းလင်းပွဲမှာ နေပြည်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးရုံတင်မက ခေါင်းဆောင်တဦးအဖြစ် ခေါင်းဆောင်တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ပြောကြားခဲ့ ခြင်းက မင်းအောင်လှိုင်အတွက် မေးရိုးတည့်တည့်လာမှန်တဲ့ လက်သီးချက်။

ဆက်လက်ပြီး သမ္မတမားကိုစ့်က မြန်မာအရေးဟာ အာဆီယံအတွက် ဖြေရှင်းနည်းမရှိသေးတဲ့ ရှုပ်ရှုပ်ထွေးထွေး ပြဿနာတရပ်လို့လည်း ဝန်ခံတယ်။ ပြီးတော့ မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကြောင့် အဖွဲ့ဝင်နိုင်ငံတွေ စိတ်ပျက်နေကြောင်းလည်း ဆိုတယ်။

ဖိလစ်ပိုင်သမ္မတမားကိုစ့်ရဲ့ သတင်းစာရှင်းလင်းပွဲဟာ အဲဒီလို လေသံမာပြခဲ့ပေမဲ့ ထိပ်သီး အစည်းအဝေးအပြီး အာဆီယံခေါင်းဆောင်တွေရဲ့ ကြေညာချက်ကတော့ အရင့်အရင်နှစ်တွေတုန်းက ကြေညာချက်ကို မိတ္တူပြန်ကူးထားတာနဲ့ မခြားပါဘူး။ ၅ နှစ်ကျော်ကြာပြီဖြစ်ပေမဲ့ နည်းနည်းလေး တောင် အလုပ်မဖြစ်သေးတဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ဆက်လက် ဆုပ်ကိုင်သွားမယ်လို့ ထပ်လောင်း အတည်ပြုခဲ့ကြတယ်။

အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံးသွားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အာဆီယံရဲ့ တောင်းဆိုချက် အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးရေး တောင် အစိုးရတုက လက်ခံစဉ်းစားပေးပုံ မပေါ်ပါဘူး။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာ၊ လွတ်လပ်မျှတတဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲကနေ အစိုးရတရပ်ပေါ်ပေါက်ခဲ့ပြီးဖြစ်တာတောင် အာဆီယံနိုင်ငံတချို့က ခွဲခြားဆက်ဆံကာ အာဆီယံပဋိညာဉ်ကို ဖောက်ဖျက်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေကြောင်း စစ်အုပ်စု အစိုးရတုရဲ့ မေ ၁၀ ရက် ထုတ်ပြန်ချက်က အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို နေပြည်တော်ကနေ ပုဆိုးကွင်းသိုင်း ဆဲရေးတိုင်းထွာ လိုက်တာပါပဲ။ ဒါကို နောက်တမျိုး ထပ်ပြောရရင် အစိုးရတုက အာဆီယံမူ ၅ ရပ်ကို လိုက်နာဖော်ဆောင်မှာ မဟုတ်ပေမဲ့ အာဆီယံထိပ်သီးအစည်းအဝေးကိုတော့တက်ရောက်ခွင့်ပြုရမယ်လို့ မောက်မောက်မာမာ ငေါက်ငမ်း တောင်းဆိုလိုက်ခြင်းပါပဲ။

လက်ရှိမှာ မင်းအောင်လှိုင်အစိုးရတုကို နိုင်ငံရေးအရာမသွင်းတဲ့ အာဆီယံရဲ့ ရပ်တည်ချက်ဟာ အ သက်ဝင်နေပေမဲ့ အာဆီယံဆီကနေ အခုထက်ပိုပြီး ဘာမှမျှော်လင့်လို့ မရပါဘူး။ မူ ၅ ရပ်ကို မဖော်ဆောင်တာကြောင့် စစ်အုပ်စုကို အရေးယူဖို့ဆိုတာ နောင်ဘဝမှာတောင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီချက်ရမှာ မဟုတ်ပါဘူး။ အလုပ်မဖြစ်ဘူးဆိုတဲ့ အာဆီယံ ဘုံသဘောတူညီ ချက် ၅ ရပ်ဆိုတာတောင် အာဆီယံအဖွဲ့တွင်း ရှားရှားပါးပါး သဘောတူညီချက်တရပ်ဖြစ်တယ်ဆိုတာ အလေးအနက်ပြုကြဖို့ လိုပါမယ်။

ဆိုလိုတာက မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေနဲ့ အချိန်ကုန် စိတ်ပမ်းနေမဲ့အစား အစိုးရတုကို အာဆီယံ အသိအမှတ်မပြုရေးအထိုင်မှာ တော်လှန်ရေးအင်အားစုတွေ စုံရပ် ဖိအားပေးနေဖို့ လိုပါတယ်။ အစိုးရတုကို အသိအမှတ်ပြုလိုတဲ့ အာဆီယံနိုင်ငံတချို့ရဲ့ အန္တရာယ် ရှိလာနေပြီဆိုတာ အထူး သတိချပ်ရပါမယ်။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013