DVB Logo
Home
မြန်မာသတင်း
ဓာတ်လိုက်သေဆုံးမှု နစ်နာကြေးရရေး ကော်မတီဖွဲ့
DVB
·
March 21, 2013
Donate to DVB

ပြီးခဲ့တဲ့ အပတ်က တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ မိန်းကလေးငယ်အမှုနဲ့ ပတ်သက်ပြီး နစ်နာကြေးရရှိဖို့ ကော့သောင်းက နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်က သားအဖ ၂ ဦး မတ်လ ၆ ရက်နေ့က ဓာတ်လိုက်ခံရပြီး သမီးဖြစ်သူ မလှိုင်သက်ထွေး အသက် ၉ နှစ် သေဆုံးခဲ့ပါတယ်။

သူ့အတွက် ဓာတ်အားလိုင်းပိုင်ရှင် သန်းဖြိုးသူကုမ္ပဏီက အသုဘအကူငွေ ကျပ် ၁ သိန်းသာ  ပေးခဲ့တဲ့အတွက် ဒီထက်ပိုပြီး တာဝန်ယူမှုရှိစေဖို့၊ ဥပဒေလမ်းကြောင်းပေါ် ရောက်စေဖို့ သူတို့ကော်မတီက ဆောင်ရွက်သွားမယ်လို့ ကော့သောင်းဒီမိုကရက်တစ်ပါတီ တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

“၁၉၉၈ ခုနှစ်ကတည်းက ဓာတ်လိုက်ပြီး သေဆုံးသွားသူတွေ၊ နစ်နာသူတွေ၊ ခြေထောက်ဖြတ်လိုက်ရသူတွေ၊ ကျိုးကန်းသွားတဲ့သူတွေ သူတို့တွေရဲ့ မိသားစုတွေကို ထောက်ပံ့ကူညီပေးတဲ့ ကိစ္စတွေကို မလုပ်ခဲ့ကြဘူး။ သူတို့ မိသားစုတွေဟာ နစ်နာနေတယ်။ နောက်နောင်လည်း ဒီိလိုအပြုအမူတွေ ဆက်ကျူးလွန်သွားမှာစိုးလို့ ဒီလိုကျူးလွန်ရင် ဥပဒေကြောင်းအရ လမ်းကြောင်းပေါ် မရောက်လာနိုင်မှာ စိုးရိမ်လို့ရယ်၊ အမှန်တရား ဖုံးကွယ်သွားမှာနဲ့ ကော့သောင်းခရိုင်အတွင်းမှာ လုပ်ငန်းရှင်တွေဟာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဒီလိုပြုမူလို့ ရတယ်ဆိုတာ ဒီအသုံးအနှုန်းကို ချေဖျက်ချင်လို့ရယ်၊ နောက်ဆုံးကတော့ နစ်နာသူတွေကို ပိုက်ဆံ ၁ သိန်းလောက်ပေးပြီး ချေဖျက်လို့ရတယ်ဆိုတာမျိုးကိုလည်း ပျောက်စေချင်လို့။”

မတ်လ ၁၉ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ ကော်မတီကို ဓာတ်လိုက်ခံရသူမိသားစုအားနစ်နာမှုမရှိစေရန် ညှိနှိုင်းပေးရေးကော်မတီလို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။

ကော့သောင်းမှာရှိတဲ့ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း၊ အိုင်အယ်လ်အိုအဖွဲ့ဝင်၊ ရပ်မိရပ်ဖ ကိုယ်စားပြု စတဲ့ အဖွဲ့က ကိုယ်စားလှယ် တဖွဲ့ကို ၃ ဦးကျနဲ့ စုစုပေါင်း ၂၁ ဦး ပါဝင်ပါတယ်။

သူတို့ကော်မတီကနေ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာကြမယ်လို့ ပြောပါတယ်။

ကော့သောင်းမှာ  ၂၀၀၃  ကနေ ၂၀၁၃  အထိ ၁၀ နှစ်ကျော်အတွင်း လူ ၇ ဦး ဓာတ်လိုက်ခံခဲ့ရပြီး ကော့သောင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက မီးကြိုးမီးတိုင် သွယ်တန်းဆောက်လုပ်မှု ပေါ့လျော့လို့ ဖြစ်ပြီး နစ်နာဆုံးရှုံးသူတွေပေါ်မှာလည်း တာဝန်ယူမှု  အားနည်းခဲ့တယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။
လောလောဆယ် သတ္တုလုပ်ငန်းနဲ့ ဓာတ်အားပေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့  သန်းဖြိုးသူကုမ္ပဏီရဲ့ စက်ရုံကို လူနေရပ်ကွက်အနီးမှာ တည်ဆောက်ထားတဲ့အတွက်   သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ အနီးနားကပြည်သူတွေ အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီး  ဒေသခံနဲ့ လူမှုအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဆန္ဒပြကန့်ကွက်မှုတွေ လုပ်ခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013