DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၉ ခုနှင့် နယ်စပ်တွင် မီးခိုးမှိုင်းများ ပိတ်မှောင်
DVB
·
March 21, 2013
ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၉ ခုနှင့် နယ်စပ်တွင် မီးခိုးမှိုင်းများ ပိတ်မှောင်
1 / 2
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင် ၉ ခုနဲ့ မြန်မာပြည်နယ်စပ်တလျှောက်မှာ မီးခိုးမှိုင်းတွေ ပိတ်မှောင်နေတဲ့အတွက် ချင်းမိုင်ခရိုင်အတွင်း မြို့နယ် ၂၅ ခုမှာ ကျန်းမာရေးထိခိုက်သူ ၂၀၀ လောက်ရှိတယ်လို့ ချင်းမိုင်အခြေစိုက် ထိုင်းသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ချင်းမိုင် လက်ထောက်ခရိုင်ဝန် နိုင်းအဒီးဆွန် ကမ်နွတ်ဆဒီက “မီးခိုးမှိုင်းပြဿနာအတွက် ချင်းမိုင်ခရိုင်ထဲက အုပ်ချုပ်ရေးမှူးတွေ အရေးပေါ်တိုင်ပင်မယ့်အကြောင်း အရင်နှစ်တွေကအတွေ့အကြုံရှိဖူးပြီး ကာကွယ်မှုကို အထူးကြပ်မတ်ခဲ့လို့ မနှစ်ကလောက် အခြေအနေမဆိုးပေမယ့် မီးခိုးမှိုင်းဧရိယာက ပိုပြီးကျယ်ပြန့်လာတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင် ၉ ခုနဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်တယ်။ ဒီနှစ်ထဲ တာ့ခ်ခရိုင်မှာဆိုရင် အကြိမ်ပေါင်း ၈၆၀၊ ချင်းမိုင်မှာ ၆၆၂ ကြိမ်၊ တောမီးရှို့မှုတွေ ရှိခဲ့ပြီး မယ့်ကျန်း၊ အုန်းကွယ်၊ ချင်းဒေါင်း၊ ဟော့တ် မယ့်ဆရိန်းနဲ့ ဆမိုင်း မြို့နယ်တွေမှာလည်း မီးခိုးတွေ တော်တော်ထူထပ်တယ်” လို့ ထိုင်းသတင်းဌာနကို ပြောပါတယ်။

မီးခိုးမှိုင်းမွှန်မှုကြောင့် ချင်းမိုင်ခရိုင် မြို့နယ် ၂၅ ခုက ကျန်းမာရေးထိခိုက်တဲ့ လူနာပေါင်း တနေ့ကို ပျှမ်းမျှ အယောက် ၁၀၀ ကနေ ၂၀၀ ထိရှိပြီး အများအားဖြင့် အသက်ရှူကြပ်တာ၊ မျက်စိစပ်တာနဲ့ နှာမွှန်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်တွေအနေနဲ့ အပြင်မထွက်သင့်ကြောင်း၊  ထွက်မယ်ဆိုရင်လည်း မျက်နှာဖုံးစွပ်ပြီး အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်တွေဝတ်ဖို့  ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက  နှိုးဆော်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး  မြောက်ပိုင်းခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကို ဒီဗွီဘီက မေးမြန်းရာမှာ  တာဝန်ကျဝန်ထမ်း ခွန်းဖဆစ်က “အခုလိုဖြစ်ရတာက အကြောင်းရင်း ၂ ချက်ရှိပါတယ်။ တစ်အချက်က ရာသီဥတုနဲ့ဆိုင်တယ်။ နှစ်အချက်က တောင်ယာမီးရှို့မှုပါ။  ဒီလပိုင်းအတွင်း တရုတ်နိုင်ငံက အနိမ့်ပိုင်းလေဖိအားတွေ ဒီဘက်ကို   ရွေ့လာတယ်။ ဒီရာသီက တောင်ယာမီးရှို့ချိန်ဆိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အိမ်နီးချင်း မြန်မာနဲ့ လာအိုနိုင်ငံဘက်က တောင်ယာရှို့တဲ့ မီးခိုးတွေ ၀င်လာတာလည်းပါတယ်။ လေဖိအားနိမ့်တော့ မီးခိုးတွေက ကောင်းကင်ထက်ကို မတက်နိုင်ဘဲ ပတ်ဝန်းကျင်ထဲ ၀ဲနေလို့ အခုလိုမီးခိုးတွေ မွှန်နေတာဖြစ်ပါတယ်။ ဘယ်တော့ အခြေအနေ ပုံမှန်ဖြစ်မလဲ ဆိုတာတော့ ရာသီဥတုပေါ် မူတည်ပါတယ်” လို့ ပြောပါတယ်။

ဒီမီးခိုးမှိုင်းတွေ လျော့ပါးသွားစေဖို့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးဌာနတွေကလည်း ကွင်းဆင်းစစ်ဆေးနေပြီး၊ ခွင့်ပြုချက်မရဘဲ တောင်ယာမီးရှို့တာ၊ အမှိုက်သရိုက် မီးရှို့တာတွေကို အရေးယူ အပြစ်ပေးတာတွေ လုပ်နေကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013