DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဟု ရဲတပ်ဖွဲ့ပြော (ညနေ ၄ နာရီ)
DVB
·
March 21, 2013
မိတ္ထီလာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဟု ရဲတပ်ဖွဲ့ပြော  (ညနေ ၄ နာရီ)
Donate to DVB

မိတ္ထီလာမြို့ ပဋိပက္ခတွေ အခုအချိန်ထိ ဖြစ်ပွားနေပြီး တည်းခိုခန်းတခုပြာကျသွားပြီးနောက် အိမ် ၅ လုံးလောက် မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“အခုလက်ရှိ သီရိမင်္ဂလာရပ်ကွက်၊ ပုလဲတည်းခိုခန်း မီးလောင်ပြာကျသွားပြီ။ အိမ် ၄-၅ လုံးလောက် မီးတွေ ဆက်လောင်နေတယ်။ မီးသတ်ဖို့ သွားတာကို တားတဲ့အတွက် ရဲတွေကို မီးသတ်ကားပေါ်တင်ပြီး မီးငြှိမ်းနေရတယ်။”

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ အတည်ပြုလို့ မရသေးဘဲ စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။

မိတ္ထီလာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်ကတော့ ပဋိပက္ခဖြစ်ခဲ့တဲ့ ၂ ရက်အတွင်း လူ ၁၃ ယောက်ကျော် သေဆုံးတယ်လို့ ပြောပါတယ်။

အခုလောလောဆယ် အခြေအနေကို ဆက်လက်ထိန်းသိမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မိတ္ထီလာ ပဋိပက္ခကြောင့် သေဆုံးဒဏ်ရာရမှုများရှိ (မွန်းလွဲ ၁း ၄၅ နာရီ)

မိတ္ထီလာမြို့ ရွှေဆိုင်တခုတွင် မနေ့က ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့လည်း ဆက်လက်ဖြစ်ပွားခဲ့ရာမှာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အကြားက လူနေအိမ်ခြေတွေကို မီးရှို့မှုတွေနဲ့ လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

အဲဒီဒေသမှာ ရောက်ရှိနေသူတွေရဲ့အဆိုအရ ပဋိပက္ခကြောင့် လူသေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပြီး နေအိမ်မီးလောင်ဆုံးရှုံးမှုနဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ ထွက်ပြေးလာတဲ့ လူ ၆၀၀ လောက်ကို ကူညီစောင့်ရှောက်ထားရတယ်လို့ သိရပါတယ်။

ဒီအခင်းဖြစ်ပွားမှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က နယ်စပ်ရေးရာဝန်ကြီးဦးစီးတဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း ကိုင်တွယ်နေပါတယ်။

ရွှေည၀ါဆရာတော်၊ ဦးဝီရသူ၊ ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်း ဦးမင်းကိုနိုင်တို့နဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ တွေ့ဆုံပြီး မိတ္ထီလာခရိုင်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြေလည်ရေး ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဆွေးနွေးခဲ့တယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

“မနက်ကပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ကျနော်တို့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးပါတယ်။ အတတ်နိုင်ဆုံး ဒီအကြမ်းဖက်မှုကြီး မပြန့်ပွားအောင် လုပ်ဖို့ အားလုံး သဘောတူကြပါတယ်။ စုံစမ်းရေးကော်မရှင်ကို အသာထားပြီး အခြေအနေ ဒီထက်မပေါက်ကွဲအောင် လုပ်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုတွေကိုလည်း ခွင့်ပြုလို့ မရပါဘူ။ အဲဒါ မကွဲပြားဘူး ဖြစ်နေတယ်။ အကြမ်းဖက်မှုကို ဘယ်နည်းနဲ့မှ ခွင့်ပြုလို့မရဘူး။”

ပဋိပက္ခဖြစ်ပွားတဲ့နေရာမှာ မြင်တွေ့ခဲ့ရတာနဲ့ပတ်သက်ပြီး ဦးမင်းကိုနိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ မီးရှို့နေတဲ့ နေရာလည်း ရောက်ခဲ့တယ်။ ဒုက္ခသည်စခန်းတွေကို ရောက်တယ်။ ဆေးရုံကိုလည်း ရောက်ခဲ့တယ်။ ရောက်တဲ့နေရာတိုင်းမှာ အကြမ်းဖက်မှုတွေ ဆက်ပြီး မပြန့်ပွားဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူအများစုကတော့ မြို့ပေါ်ကို မကူးစက်ဖို့ ၀ိုင်းဝန်းတားဆီးနေပါတယ်။ အခုဖြစ်နေတာက ကန်အစပ်ဘက်မှာ ဖြစ်နေတာပါ။”

သီတဂူဆရာတော် အရှင်ဥာဏိဿရကတော့ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို ၀ိုင်းဝန်းတည်ဆောက်ကြဖို့ မိန့်ကြားပါတယ်။

“ဘာသာတရားတွေကို တည်ထောင်တဲ့ ယေရှုဘုရားသခင်တို့၊ အလ္လာဟ်အရှင်မြတ်တို့၊ ဗုဒ္ဓတို့ သူတို့တွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်ပေါက်လာတာလို့ အကုန်လုံး တကမ္ဘာလုံးကပညာရှင်တွေက ယုံကြည်လက်ခံထားကြပါတယ်။ ဒါကြောင့် ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလူတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို ၀ိုင်းဝန်းတည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်သင့်တယ်။ သစ္စာတရားကိုဖောက်ဖျက်ပြီးတော့ အမှန်တရားကိုဖယ်ရှား၊ မဟုတ်မတရားတွေ အဓမ္မ၀ါဒတွေ၊ အဓမ္မကျင့်သုံးမှုတွေ ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောင့်ယှက်ကြမယ်ဆိုရင် ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာမဟုတ်ဘူး။”

မိတ္ထီလာမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကို နေ့ခင်း ၂ နာရီက မေးမြန်းရာမှာ အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ထိရောက်စွာ ကိုယ်တွယ်ထိန်းသိမ်းပေးဖို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ဦးဝင်းထိန်နဲ့ မေးမြန်းချက်အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ၀ိုင်းဝန်းကာကွယ်ဖို့ မင်းကိုနိုင် တိုက်တွန်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က အကြမ်းဖက်မှု နောက်ထပ် ထပ်မံမဖြစ်ပွားအောင် အားလုံး ၀ိုင်းဝန်းကာကွယ်ကြဖို့နဲ့ ဖြစ်ပျက်ခဲ့တာတွေအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ပဋိပက္ခဖြစ်ပြီး ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ကို သွားရောက်ကူညီတဲ့ ဦးမင်းကိုနိုင်ကို ဒီဗွီဘီက မနက် ၁၁ နာရီမှာ မေးမြန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013