DVB Logo
Home
မြန်မာသတင်း
စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်သည့်ပုံစံမျိုး အဖြစ်မခံနိုင်ဟု ၈၈ မျိုးဆက်ပြော
DVB
·
March 21, 2013
စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်သည့်ပုံစံမျိုး အဖြစ်မခံနိုင်ဟု ၈၈ မျိုးဆက်ပြော
Donate to DVB

ပြဿနာတွေကို ဖြေရှင်းရာမှာ တရားဥပဒေစိုးမိုးရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်ပြီး စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်တဲ့ အပြုအမူမျိုးတွေကို လုံးဝခွင့်မပြုနိုင်ဘူးလို့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က ပြောပါတယ်။

မိတ္ထီလာမြို့ မိတ္ထီလာ ဈေးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

[caption id="attachment_37637" align="alignright" width="300" caption="ဦးမင်းကိုနိုင်"][/caption]

“ဘယ်သူတွေ ဘယ်လိုပဲ သွေးထိုးလှုံ့ဆော်မှုတွေ အခြေခံခဲ့ပါစေ၊ ရာဇ၀တ်မှု တခုဖြစ်ပြီဆိုရင် ရာဇ၀တ်မှုအတိုင်းပဲ ရှုမြင်သုံးသပ်ဖို့ လိုပါတယ်။ အဲဒါကို တရားဥပဒေစိုးမိုးရေးအတွက် ၀ိုင်းကူညီကြဖို့ လိုတယ်။ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်အကောင်ထည်ဖော်မယ့် ပုဂ္ဂိုလ်တွေကလည်း အဲဒါကို ရဲရဲတင်းတင်း ကိုင်တွယ်ဖို့လိုတယ်။ မကိုင်တွယ်နိုင်ဘူးဆိုရင် ချက်ချင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ပုံစံမျိုးကို ခေါင်းစဉ်ပြောင်းတပ်လိုက်မယ့် ပယောဂလှုံ့ဆော်မှုတွေက ကျနော်တို့ တိုင်းပြည်မှာ တကယ်ရှိနေတယ်။

“မိတ္ထီလာကိစ္စ ရက်ပိုင်းအတွင်းမှာ ငြိမ်းအေးသွားပြီပဲ ထားလိုက်ပါ။ နောက်ထပ် ပြည်ထောင်စုရဲ့ တနေရာမှာ ပုံစံတမျိုးနဲ့ သွေးထိုးလှုံ့ဆော်ပြီး အဓိကရုဏ်းတွေ ဖန်တီးမယ် ခြေရာလက်ရာတွေကို အစောကြီးကတည်းက မြင်ထားပြီးသား။ အချိန်တန်နေပြီဖြစ်တဲ့အတွက်ကြောင့် ထုတ်ပြောမှ ဖြစ်တော့မယ်။ ရှိတဲ့ပြဿနာတွေကို ရှင်းကြတဲ့အခါမှာ တရားဥပဒေစိုးမိုးရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်ပါတယ်။ စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်တဲ့ အပြုအမှုမျိုးကိုတော့ ကျနော်တို့ လုံးဝ ခွင့်မပြုနိုင်ဘူး။”

ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုတွေကလည်း သံသယဖြစ်စရာ ကောင်းတယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

“ဒီနေ့ဖြစ်နေတာတွေ ဘယ်လိုပဲ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါစေ၊ ဘာသာရေး၊ လူမျိုးရေး ခေါင်းစဉ်တွေ တပ်ပြီးတော့ နှစ်ဖက်အကြမ်းဖက်မယ့်ပုံစံ စပြီးတော့ တိုက်ခိုက်နေတာတောင်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုက တော်တော်သံသယဖြစ်စရာကောင်းတယ်။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ရက်တွေက ရတဲ့ သတင်းတွေအရ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရပ်ရုံတင် ရပ်နေပြီး အဲဒီတပ်ဖွဲ့ကြားထဲက တိုးဝင်သွားပြီး အကြမ်းဖက်မှု လုပ်တဲ့သူတွေကို ခွင့်ပြုလိုက်တဲ့ သဘောဖြစ်နေတယ်။”

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာ မဟုတ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်မယ့် အုပ်စုတွေကို တားဆီးထိန်းသိမ်းရမယ့် တာဝန်ရှိပြီး စိုးရိမ်စရာအကြောင်းမရှိကြောင်း၊ ပြည်သူတွေက နားလည်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာတွေအနေနဲ့လည်း ပဋိပက္ခတွေကို တားဆီးနိုင်တဲ့ သတင်းအရေးသားမျိုး ရေးသားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ပဋိပက္ခတွေကို တားဆီးနိုင်တဲ့ သတင်းအရေးအသားမျိုးကို ကျနော်တို့ လိုချင်ပါတယ်။ အပျက်အစီးတွေ၊ ထိခိုက်နစ်နာမှုတွေကို ဇောင်းပေးဖော်ပြပြီးတော့ နှစ်ဖက်ရန်ငြှိုးကြီးထွားအောင် ဖြစ်စေမယ့် ဖော်ပြချက်မျိုးကိုတော့ ဖြစ်နိုင်သမျှ ဆင်ခြင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဘယ်ဘာသာဝင်တွေက ဘယ်ဘာသာဝင်တွေကို လုပ်လိုက်ပြီဆိုတဲ့ အရေးအသားမျိုးဟာ သွေးထိုးရာ၊ လှုံ့ဆော်ရာ ကျပါတယ်။ ဒါကြောင့် ဘာသာရေးအရ၊ လူမျိုးရေးအရ သွေးထိုးပေးမယ့် သတင်းအရေးအသားမျိုး မဖြစ်အောင် ၀ိုင်းပြီး ထိန်းပေးကြပါ။”

ပြည်ထောင်စုကြီးဟာ လမ်းကြောင်းမှန်ပေါ် လျှောက်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး သက်တမ်းနုနယ်သေးတဲ့ အသွင်ကူးပြောင်းရေးကာလမှာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတဲ့ ပဋိပက္ခတွေကြောင့် ချောက်ထဲမကျအောင် ၀ိုင်းဝန်းကာကွယ်ပေးကြဖို့လည်း ဦးမင်းကိုနိုင်က မေတ္တာရပ်ခံခဲ့ပါတယ်။

မိတ္ထီလာမြို့ မိတ္ထီလာဈေးအတွင်းရှိ ရွှေဆိုင်တခုမှာ မနေ့ မနက် ၁၀ နာရီဝန်းကျင်က ရွှေအရောင်းအ၀ယ်ပြုလုပ်ရာကနေ မကျေမလည်ဖြစ်ပြီး ရွှေဆိုင်ဖြိုဖျက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပဋိပက္ခကြောင့် လူသေဆုံးမှုမရှိဘဲ ပစ္စည်းပျက်စီးဆုံးရှုံးတာပဲ ရှိခဲ့ပြီး မိတ္ထီလာဈေးကိုတော့ ပိတ်ထားလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013