DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေမဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရမယ် – ဦးကိုကိုကြီး
DVB
·
March 21, 2013
ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေမဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရမယ် – ဦးကိုကိုကြီး
Donate to DVB

[caption id="attachment_37633" align="alignleft" width="300" caption="ဦးကိုကိုကြီး"][/caption]

ပြင်ပရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ပြောနေတဲ့ တချိန်တည်းမှာ ကျန်းမာရေးဆိုင်ရာထိခိုက်မှုနဲ့ ပတ်သက်လို့  အဓိကထား ပြင်ဆင်ကြဖို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။

သူတို့အဖွဲ့ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မတ် ၂၀ ရက်မှာ ထိုင်းနိုင်ငံက မက်တဖွတ် Map Ta Phut စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ပြီးတဲ့နောက် အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီလေ့လာရေး ခရီးစဉ်အခြေအနေနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်းထားပါတယ်။

အရင်က မတ်တဖွတ်စက်ရုံကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ကန့်ကွက်တာတို့ ရှိခဲ့တယ်။ ဘာတွေများ လေ့လာတွေ့ရှိခဲ့ရလဲ။

“ကျနော်တို့ အဲဒီက ဒေသခံ ရွာသားတချို့နဲ့လည်း တွေ့ဆုံမေးမြန်းခွင့်ရခဲ့တယ်။ ပြီးတော့ ထိုင်းအရှေ့ပိုင်းခရိုင် လူငယ်လှုပ်ရှားမှုကွန်ရက်အဖွဲ့နဲ့လည်း မေးမြန်းမှုရခဲ့တယ်။ သူတို့ဒေသမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပတ်ဝန်းကျင် ထိခိုက်မှုတွေ သူတို့နဲ့ ဆွေးနွေးဖြစ်ပါတယ်။”

ကျနော်တို့ဆီမှာနဲ့ ဘာတွေ တူတာ၊ မတူတာတွေ တွေ့ရလဲ။

“အဓိက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဖိတ်ခေါ်တာနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်တွေကို ဘယ်လိုထိန်းညှိပြီးတော့ ဖြေရှင်းမလဲ၊ ဘာတွေ ကြိုဆိုပြင်ဆင်ထားဖို့ လိုမလဲ၊ လေ့လာစရာတွေ အများကြီး တွေ့ခဲ့ရပါတယ်။”

ကျနော်တို့နဲ့ တူတာ တခုနှစ်ခုလောက် ပြောပြပါလား။

“ပြည်ပရင်းနှီးမြှပ်နှံမှုနဲ့ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ပတ်သက်တဲ့၊ လူမှုဘ၀ထိခိုက်မှုနဲ့ပတ်သက်တာတွေ ပြောနေတဲ့ တချိန်တည်းမှာ ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေကလည်း အဓိကထားလေ့လာရမယ့်ကိစ္စရပ်အဖြစ် သတိထားခဲ့မိပါတယ်။ မက်တဖွတ် လရောင်ဒေသက ဆေးရုံ ကျန်းမာရေးတာဝန်ရှိသူတယောက်က ဒီဒေသမှာဖြစ်နေတဲ့ ရောဂါဖြစ်ပွားနှုန်းတွေကို ကျနော်တို့ကို ရှင်းပြတယ်။ နောက် တနိုင်ငံလုံးမှာရှိတဲ့ ကင်ဆာဖြစ်ပွားနှုန်းထက် ဒီဒေသမှာဖြစ်ပွားတဲ့ ကင်ဆာဖြစ်ပွားမှုနှုန်းက သိသိသာသာမြင့်တက်နေတာတို့။ အခြား ကျန်းမာရေးနဲ့ပတ်သက်တဲ့ ရောဂါတွေ။ လေထုရဲ့ အရည်အသွေး၊ မြေအောက်ရေသန့်စင်မှုနဲ့ပတ်သက်တဲ့ အရည်အသွေး ထိခိုက်တာတွေ အဲဒါတွေတော်တော်များများကို ကိန်းဂဏန်းတွေနဲ့ ရှင်းပြတာတွေ လေ့လာခဲ့ရတယ်။”

ကျနော်တို့ဆီမှာ ပြန်အသုံးချလို့ရမယ့် အချက်အလက်တွေ တွေ့ခဲ့လား။

“ကျနော်တို့ အခု ဘယ်လိုသတိထားမလဲဆိုတော့ သဘာဝပတ်ဝန်းကျင်တို၊ ကျန်းမာရေး သက်ရောက်မှုတို့၊ လူမှုပတ်ဝန်းကျင်သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ဒီကုမ္ပဏီတွေ မလာခင်၊ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် ဒေသမှာ အရင်ဆုံး စစ်တမ်းတွေ ကောက်ယူသင့်တယ်။ လူဦးရေစစ်တမ်း၊ အပြင်ကနေ ဒီဒေသကို ပြေင်းရွှေ့လာတဲ့သူ၊ ဒီဒေသကနေ အပြင်ကို ပြောင်းရွှေ့သွာတဲ့သူ၊ လက်ရှိ ရှိနေတဲ့ မြေအောက်ရေ ရရှိမှု အနေအထား၊ လေထုရဲ့ ညစ်ညမ်းမှု အနေအထား၊ အဲဒါတွေကို ကြိုပြီး တိုင်းထွာနိုင်ရာတော့ ကောင်းတယ်။ အဓိက နည်းပညာကိုရော၊ ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ အရည်အသွေး အဲဒါတွေလည်း ကြိုပြီးပြင်ထားနိုင်ရင် ကောင်းမယ်။

“နောက်တခုက ဒီဒေသမှာ စီမံကိန်းတွေ လာတော့မယ်ဆိုရင် ဘယ်လို အကျိုးအမြတ်တွေ ဖြစ်နိုင်တယ်၊ အဲဒီ အကျိုးဆက်တွေကို သက်သာအောင် ဘယ်လို ပြင်ဆင်မှုတွေ ဆောင်ရွက်တယ်၊ နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးကုစားဖို့ ရှိတယ်ဆိုတာ ဒေသခံပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။ ပြောပြ ထားတော့ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ရင်ဆိုင်ရမယ့် ပြဿနာတွေကို ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ အခြေအနေရှိမယ်လို့ မြင်တွေ့ခဲ့ရပါတယ်။”

ကျနော်တို့ဆီမှာ လတ်တလော ပြဿနာတက်နေတဲ့ လက်ပန်းတောင်းကတော့ လက်လွန်သွားပြီနဲ့တူတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းကတော့ ပြန်ပြီးတော့ ဒီအချက်တွေ ပြန်ပြီးစဉ်းစားကြဖို့ ပြင်ဆင်ချိန်များ ရမလား။ ဦးကိုကိုကြီး ဘယ်လိုမြင်လဲ။

““တဖက်က စီးပွားရေးနဲ့ ပတ်သက်ပြီး အကျိုးအမြတ် ခွဲဝေခံစားတာတွေ၊ နိုင်ငံတော်က ဘယ်လောက်ရရှိခံစားနိုင်တယ်။ အခွင့်အလမ်းတခုလိုချင်ရင်တော့ ထိခိုက်နစ်နာတာတော့ ရှိမယ်။ ထိခိုက်နစ်နာမှုအနည်းဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ကျနော်တို့ ရှာဖွေသင့်တယ်။ အဲဒီအခါမှာလည်း ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒ၊ အမြင်၊ ဝေဖန်ချက်တွေ၊ နောက်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့သဘောထားတွေ အားလုံးကို ထည့်သွင်းစဉ်းစားသင့်တယ်။ အရင်က ကျနော်တို့နိုင်ငံမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေဟာ နိုင်ငံသားတွေရဲ့ ပါဝင်ခွင့်၊ ဆွေးနွေးခွင့်၊ ဘာမှ မရှိဘဲနဲ့ အစိုးရလုပ်တဲ့သူတွေက သူ့ဟာသူ ဆုံးဖြတ်ပြီး သဘောတူစာချုပ်တွေ ချုပ်နေတာဟာ ဖြစ်လာကာမှ မျက်ကလူးဆန်ပြာနဲ့ နောက်ကနေ လိုက်ရှင်းရတာတွေက မကောင်းဘူး။ အခုအနေမှာ နိုင်ငံလည်း ဖွံ့ဖြိုးလာပြီဆိုတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်လို့ ပြောရင် အလားတူ ဒီလိုစီမံကိန်းတွေနဲ့ ပတ်သက်ရင်လည်း အဖွဲ့အစည်းတွေ၊ ဒေသခံတွေ၊ ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အမြင်သဘောထားတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားပြီးမှ ချုပ်ဆိုတာတွေ ပြန်လည် သုံးသပ်တာတွေ လုပ်သင့်တယ်။”

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်၊ ဦးအံ့ဘွယ်ကျော်တို့ ပါဝင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ နိုင်ငံရေး ပဋိပက္ခနှင့် ငြိမ်းချမ်းရေး အခြေအနေများ လေ့လာရေး ခရီးစဉ်အဖြစ် မတ် ၁၇ ရက်နေ့ကတည်းက ထိုင်းနိုင်ငံကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ထိုင်းတောင်ပိုင်းကို သွားရောက်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013