DVB Logo
Home
မြန်မာသတင်း
ကျိုက္ခမီ ငါးဖမ်းစက်လှေများတွင် ရောင်းစားခံရမှု အရေးယူသင့်ဟုဆို
DVB
·
March 20, 2013
Donate to DVB

မွန်ပြည်နယ် ကျိုက္ခမီမြို့က ငါးဖမ်းစက်လှေတွေမှာ လူငယ်တွေကို အခကြေးငွေနဲ့ ရောင်းစားနေတာကို သက်ဆိုင်ရာက အရေးယူသင့်တယ်လို့ ကယ်တင်ခဲ့သူတဦးက ပြောပါတယ်။

မော်လမြိုင်ဘူတာမှာ လူငယ်လူရွယ်တွေကို ဖြားယောင်းပြီး ကျိုက္ခမီမှာ စက်လှေနဲ့ထည့်ပြီး လုပ်အားခကို ပွဲစားတွေက ကြိုတင်သုံးစွဲရယူကြတာလို့ ဆိုပါတယ်။

ဒီလဆန်းပိုင်းက ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းကြီးကျေးရွာက အသက် ၁၉ နှစ်အရွယ် မောင်လှထွန်းဝင်းကို လစာဖြတ်ယူသွားတဲ့ကိစ္စ မတ် ၇ ရက်နေ့က ကျိုက္ခမီရဲစခန်းမှာ တိုင်တန်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်လို့ ကူညီတိုင်တန်းပေးတဲ့ ကိုနိုင်လင်းဦးက ပြောပါတယ်။

“စဖြစ်တာက မော်လမြိုင်ရထားဘူတာကနေ ကောင်လေးတွေကို ပွဲစားတွေက လာခေါ်သွားပြီး ကျိုက္ခမီရောက်တော့ စက်လှေပေါ်ထည့်ပေးလိုက်တယ်။ ကောင်လေးတွေရဲ့ ၆ လစာ သူတို့က ထုတ်သုံးတယ်။ စက်လှေပြန်တက်လာတော့ ကောင်လေးတွေက ဘယ်သူ့ဆီက ပိုက်ဆံတောင်းလို့ တောင်းရမှန်းမသိဘူး။ အဲဒီက ရဲတပ်ဖွဲ့ကလည်း ဘာမှတာဝန်ယူမပေးဘူး။ ကျနော်သွားမေးတော့ မင်းတို့ သူဌေးနဲ့ ပွဲစားတွေနဲ့ ရှင်းဆိုပြီး ပြောတယ်။”

ကျိုက္ခမီမှာ သီတင်းတပတ်ကြာ နေချိန်အတွင်း ကြုံတွေ့မှုနဲ့ ကြားသိချက်တွေအရ တချို့ကလေးငယ်တွေဟာ စစ်တပ်တွင်း ပို့ဆောင်ခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ကိုသားကြီး၊ မအေးသူဆိုတဲ့ ပွဲစားတွေက ကောင်လေးတယောက်ကို လှေထဲဆက်မလုပ်နိုင်လို့ ဆိုပြီး ငွေ ၃ သိန်းနဲ့ တပ်မ ၄၄ စစ်တပ်ထဲထည့်ပေးလိုက်တယ်။ တပ်က ဗိုလ်မှူးတယောက်လက်ထဲ ထည့်ပေးလိုက်တယ်။ အဲကလေးတင်မဟုတ်ဘူး၊ အသက်ကြီးတဲ့ သူတွေကိုဆိုရင်လည်း အရက်မူးအောင်တိုက်ပြီး အချုပ်ထဲသွားထည့်တယ်။ လှေဆင်းခါနီးမှ အချုပ်ထဲကထုတ်ပြီး လှေထဲထည့်ပေးလိုက်တယ်။ တပ်ထဲကျတော့ အိမ်ခေါ်ပြီးမှ သူတို့ဘာသာ ထည့်ပေးတယ်။”

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျိုက္ခမီရဲစခန်းကို မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။
မော်လမြိုင် မြို့မိမြို့ဖတဦးကတော့ မော်လမြိုင်ဘူတာမှာ ဒီလို ကလေးတွေကို စုဆောင်း သိမ်းသွင်းတယ်ဆိုတာ မကြားမိဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013