
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသကနေ ရခိုင်ပြည်နယ်ကို တင်သွင်းမဲ့ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ အိတ် ၆၀၀ ကို ကုန်သည် ၂ ယောက်နဲ့အတူ စက်တင်ဘာ ၂၄ ရက်မှာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ရေးပါတယ်။
စစ်တကောင်းမြို့နယ် စီတာကွန်ဒါဒေသကနေတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကို တရားမဝင် တင်သွင်းဖို့ စက်လှေပေါ် တင်နေကြချိန် မနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်တကောင်းမြို့နယ် စီတာကွန်ဒါဒေသရှိ ဘာရှ်ဘာရီယာဆိပ်ခံတံတားအနီး ရခိုင်ပြည်နယ်ကို တရားမဝင် တင်သွင်းမဲ့ ဓာတ်မြေဩဇာတင်ဆောင်မှု ရှိနေတယ်လို့ သတင်းရလို့ သွားရောက် ဖမ်းဆီးခဲ့ကြတာလို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဆာဘီရ် အလမ် ဆူဇန်က မီဒီယာတွေကို ပြောပါတယ်။
လက်ရှိ ဖမ်းဆီးရမိထားတဲ့ ဓာတ်မြေဩဇာအိတ် ၆၀၀ ရဲ့ ကာလတန်ဖိုးဟာ ဘင်္ဂလားဒေ့ရှ်တာကာ ၂၁ သိန်းလောက် တန်ဖိုးရှိပြီး ကုန်သည် ၂ ယောက်နဲ့အတူ မြေဆီအိတ်တွေကို တင်ရာမှာ အသုံးပြုခဲ့တဲ့ ကား ၂ စီးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးထားတဲ့ မြေဩဇာတွေ၊ ကုန်ကားတွေနဲ့ ဖမ်းဆီးခံထားရသူ ၂ ယောက်တို့ကို ဥပဒေအရ အရေးယူဖို့ လုပ်နေပြီလို့လည်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နယ်နဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တို့အကြား ၂၀၂၆ ခုနှစ် မေလ ကတည်းက တရားဝင်ကုန်သွယ်မှု စတင်ဖွင့်လှစ်ခဲ့ကြပေမဲ့ အခွန်ဆောင်ရတာတွေ များပြားတာ ကြောင့် တရားမဝင် မှောင်ခိုကုန်သွယ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့က နယ်စပ်ကုန်သည်တယောက်က “ကညှင်ချောင်းနဲ့ တက္ကနဖ် နယ်စပ်ကုန်သွယ်ရေးက လည်ပတ်နေတာ ရှိပေမဲ့လည်း ဒီဟာက ပုဂ္ဂလိက ကုန်သည်တွေ ကုန်သွယ် လို့ မရဘူး။ ကုန်သည်ကြီးများအသင်းက တိုက်ရိုက်ကုန်သွယ်မှု ပြုလုပ်တာ။ အစိုးရ ကုန်သွယ်မှု ဖြစ်တာကြောင့် အခွန်ဆောင်ရတာကလည်း များတယ်။ အဲဒီဘက်မှာ အဆက်သွယ်ရှိတဲ့ မွတ်စလင် ကုန်သည်တွေက ရေကြောင်ကနေတဆင့် အခွန်ရှောင်ပြီး ကုန်သွယ်မှု ရှိကြတာကြောင့် အဖမ်းခံကြ ရတာတွေလည်း ရှိကြတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ကညှင်ချောင်း-တက္ကနဖ် ကုန်သွယ်ရေး ဆိပ်ကမ်းကနေ သစ်၊ ဆန်၊ အာလူး၊ ကြက်သွန်နဲ့ စားသောက်ကုန်တွေကို အဓိက ကုန်သွယ်ကြတာဖြစ်ပြီး ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ၊ ဆေးဝါးတွေကို မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းကြပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့် ကန့်သတ်ထားတာကြောင့် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်စည်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံက အဓိက ကုန်သွယ်မှု ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။
Ref: The Daily Star










